BREAKING
January 30, 2025

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဆက်တိုက်ဖမ်းဆီးနေပြီး မနေ့က မြန်မာ ၁၅၀ ခန့် ဖမ်းဆီးခံရ

January 30, 2025

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ဖြစ်သော တာခ့်ခရိုင်နှင့် ကန်ချနဘူရီခရိုင်များတွင် တရားမဝင် ဝင်ရောက်လာသူများကို ဆက်တိုက်ဖမ်းဆီးနေပြီး မနေ့ (ဇန်နဝါရီ ၂၉) တစ်ရက်တည်း မြန်မာ ၁၅၀ နီးပါး ဖမ်းဆီးခံရကြောင်း သိရသည်။

ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသ လှေဆိပ်အနီး တောထဲ ပုန်းနေကြသော မြန်မာ ၁၁၈ ဦးနှင့် တာခ့်ခရိုင် မဲဆောက်ဒေသ ပြောင်းဖူးကားပေါ် လိုက်လာသော မြန်မာ ၂၆ ဦး စုစုပေါင်း ၁၄၄ ဦးကို မနေ့က တစ်ရက်တည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများအရသိရသည်။

မနေ့ နံနက် ၆ နာရီအချိန်ခန့် ထိုးဖားဖမ်းဒေသ လှေဆိပ်အနီးက တောထဲတွင် ပစ်ကပ်ကား ၅ စီးနှင့်အတူ ခရီးဆက်ရန် စောင့်နေကြသော မြန်မာနိုင်ငံသား ၁၁၈ ဦးကို နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် စန်ခရာဘူရီထဲသို့ တောလမ်းအတိုင်း လမ်းလျှောက် ဝင်ရောက်လာကြကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

နောက်ထပ် စန်ခရာဘူရီမှတစ်ဆင့် ထိုးဖားဖမ်းဒေသသို့ လှေစီး၍ ရောက်ရှိလာပြီးနောက် ခရီးဆက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကားသမားများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဖမ်းမိသူများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ထို့အတူ မနေ့က ည ၁၁ နာရီအချိန်ခန့် တာခ့်ခရိုင် မဲဆောက်ဒေသ စစ်ဆေးရေးဂိတ်တွင် ကားအနောက်ပိုင်းကို တာလပတ်ဖြင့် ဖုံးလာသော ပြောင်းဖူးကားကို စစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၂၆ ဦးကို ကားသမားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မြန်မာနိုင်ငံသားများက တာလပတ်အောက်တွင် အိပ်၍ လိုက်ပါလာကြပြီး ဘန်ကောက်သို့ သွားရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားကြကြောင်း ဖြေဆိုထားသည်။

အားလုံးကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး အရေးယူပြီးပါက နေရပ်ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးခံရမှုများကို တားဆီးရန် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို ထိုင်းဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး လမ်းနှင့် နေအိမ်များထဲအထိ စစ်ဆေးနေမှုများ ရှိလာနေကြောင်း နယ်စပ်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။

Ref: Khaosod, Daily News, CH 7