BREAKING
January 30, 2025

‘အမေရိကန် ပဓာန’ လူနှင်လှိုင်း

January 30, 2025

လူတွေ အာရုံထွေပြားလွယ်လွန်းတဲ့ ခေတ်ကြီးထဲ လူတွေရဲ့အာရုံကို ဖမ်းစားတဲ့ အတတ်မှာ တစ်ဖက်ကမ်းခတ်သူတစ်ယောက်ကတော့ ဒေါ်နယ်ထရမ့်ပါပဲ။

“နယ်ချဲ့ကျူးကျော်မှု(Invasion)”

ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ တောင်ပိုင်းနယ်စပ်မှာ လူဝင်မှုအရေးကို ဖော်ပြရာမှာ ထရမ့် သုံးသွားတဲ့ စကားလုံးပါ။

“၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေအတွက် လွတ်လပ်ရေးနေ့ပဲ”

အဲဒီနေ့ဟာ ထရမ့်က သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ပါပဲ။ သူ့ရဲ့ ကျန်းသစ္စာကျိန်ဆိုတဲ့ မိန့်ခွန်းထဲမှာ ဒီလို ပြောခဲ့တာပါ။

ဒုတိယအကြိမ်သမ္မတဖြစ်တဲ့နေ့ကစပြီး ထရမ့်ဟာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ သမ္မတအထူးအာဏာတွေကို ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု တစ်လွှားမှာ ရှိနေတဲ့ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပစ်မှတ်ထားတဲ့ ဖြိုခွင်းမှုအစပါပဲ။

သမ္မတအမိန့်အာဏာပေါင်း ၂၀ ကျော်ကို ထုတ်ပြန်ပြီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ ပင်နယံတွေကို ပြောင်းလဲပစ်ဖို့ ထရမ့်က ကြိုးစားလိုက်ပါပြီ။

အမေရိကန်သမိုင်းရဲ့ အကြီးမားဆုံး လူနှင်ထုတ်မှု

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်သွားမယ်။ ထရမ့် ၂.၀ လူဝင်မှုကြီးကြပ်ရေးမူဝါဒရဲ့ အဓိကကျောရိုးက ဒါပါပဲ။ သူ သမ္မတဖြစ်ပြီး ငါးရက်မြောက်နေ့မှာပဲ ရွှေ့ပြောင်းနေထိုင်သူတွေကို စစ်လေယာဉ်တွေနဲ့ ပြန်ပို့နေတဲ့ ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်ကနေ ဖမ်းမိထားတဲ့ လူပေါင်း ၅၀၀၀ ကို စစ်လေယာဉ်တွေနဲ့ တင်ပြီး ပြန်နှင်ထုတ်မယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ထရမ့်သမ္မတဖြစ်ပြီး လေးရက်အကြာ ကြာသပတေးနေ့ တစ်ရက်တည်းမှာပဲ လူပေါင်း ၁၀၀၀ ကျော်ကို နှင်ထုတ်လိုက်ပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အလျင်အမြန်ဖယ်ရှားရေးမူဝါဒကို ထရမ့်က တိုးချဲ့ပြဌာန်းလိုက်ပါတယ်။ ဒီမူဝါဒကို သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းက ချမှတ်ခဲ့ပေမယ့် ဘိုင်ဒန်အစိုးရလက်ထက်မှာ ဖျက်သိမ်းခံလိုက်ရပါတယ်။

ထရမ့်ရဲ့ ပထမသက်တမ်းတုန်းကတော့ ဒီမူဝါဒကို အမေရိကန်နယ်စပ်နဲ့ မိုင် ၁၀၀ အကွာအဝေးအတွင်းမှာပဲ ကျင့်သုံးခွင့်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံရေးခိုလှုံခွင့်မလျှောက်ထားဘဲ တရားမဝင်ရောက်ရှိနေသူတွေ ၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားရတဲ့ ခိုင်လုံတဲ့အကြောင်းအရင်း မပြနိုင်သူတွေနဲ့သာ ဒီမူဝါဒက အကျုံးဝင်ပါတယ်။ ထရမ့်ဒုတိယအကြိမ် သမ္မတပြန်ဖြစ်လာတဲ့အချိန်မှာ ဒီမူဝါဒကို ပြန်အသက်သွင်းပြီး တိုးချဲ့ပြဌာန်းလိုက်ပါတယ်။

အခုဆိုရင် ဒီမူဝါဒဟာ အမေရိကန်နိုင်ငံရဲ့ ဘယ်နေရာမှာမဆို အကျုံးဝင်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံအထဲမှာ နှစ်နှစ်ထက်ပိုပြီး နေထိုင်ခဲ့တယ်ဆိုတာကို အထောက်အထား မပြနိုင်တဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဒီမူဝါဒနဲ့ အရေးယူမှုကို ခံရတော့မှာပါ။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်တယ်ဆိုတာ ထရမ့်လက်ထက်မှာမှ အလန့်တကြား ပေါ်ထွက်လာတဲ့ အရာတော့ ဟုတ်မနေပါဘူး။ ဘိုင်ဒန်အစိုးရလက်ထက်တုန်းကလည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အမြောက်အများကို နှင်ထုတ်ခဲ့တာပါပဲ။

၂၀၂၄ ဘဏ္ဍာရေးနှစ်တစ်နှစ်တည်းမှာတင် ဘိုင်ဒန်အစိုးရက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူပေါင်း ၂၇၁,၀၀၀ ကို နိုင်ငံပေါင်း ၁၉၂ နိုင်ငံဆီ ပြန်ပို့ခဲ့တာပါ။ တစ်နေ့မှာ လူပေါင်း ၇၄၀ နှုန်းနဲ့ ပြန်နှင်ထုတ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီကိန်းဂဏန်းဟာ လက်ရှိ အမေရိကန်ကနေ ပြန်နှင်ထုတ်ခံနေရတဲ့ ပမာဏထက် နည်းနည်းပိုမြင့်နေပါသေးတယ်။

Migration Policy Institute ရဲ့ အဆိုအရ ဘိုင်ဒန်ဟာ သူ့ရဲ့ သမ္မတသက်တမ်းလေးနှစ်အတွင်းမှာ လူပေါင်း ၁ ဒသမ ၅ သန်းကို ပြန်ပို့ခဲ့ပါတယ်။ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ပြန်နှင်ထုတ်ခဲ့တဲ့ လူပမာဏနဲ့ မတိမ်းမယိမ်းပါပဲ။ သမ္မတအိုဘာမားရဲ့ ပထမသက်တမ်းတုန်းက ပြန်နှင်ထုတ်ခဲ့တဲ့ လူပေါင်း ၂ဒသမ၉ သန်းထက်တော့ ပိုနည်းတဲ့ ပမာဏပါ။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် ပြန်နှင်ထုတ်မယ်လို့ ထရမ့်က ရွေးကောက်ပွဲမဲဆွယ်ကမ်ပိန်းမှာကတည်းက ကြုံးဝါးလာခဲ့တာပါ။ သူ့အစီအစဉ်ထဲက အကောင်အထည်မဖော်ရသေးတာတွေ ဘယ်လောက်များ ကျန်နေသေးလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးလူနှင်ထုတ်မှုနဲ့ တွေ့ရတော့မယ်ဆိုတဲ့ မှန်းဆချက်တွေကတော့ သေချာပေါက်ရှိနေပါပြီ။

နိုင်ငံရေးခိုလှုံခွင့် လုပ်ငန်းစဉ်ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုကို အထောက်အထားမဲ့ ရွှေပြောင်းနေထိုင်သူအားလုံး ဝင်ရောက်မှုကို ရပ်ဆိုင်းတဲ့အမိန့်ကို ထရမ့်က လက်မှတ်ထိုးလိုက်ပါပြီ။ ဒုက္ခသည်လက်ခံနေရာချထားမှုကိုလည်း အနည်းဆုံးသုံးလအထိ ရပ်ဆိုင်းထားလိုက်ပါပြီ။

နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေကို သူတို့အတွက် ကြားနာမှု ဆုံးဖြတ်ချက်မကျမချင်း အမေရိကန်နိုင်ငံထဲ ဝင်ခွင့်မပေးဖို့ နယ်စပ်လုံခြုံရေးအေးဂျင့်တွေကိုလည်း ညွှန်ကြားထားပါတယ်။

ဒီလိုအမိန့်ထွက်မလာခင်တုန်းကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအဖို့ အမေရိကန်နယ်စပ်ကို လာရောက်ပြီး ဥပဒေကြောင်းအရ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားနိုင်တဲ့ အခွင့်အရေးရှိခဲ့ပါတယ်။ အခုတော့ ဒီအခွင့်အရေးအဆုံးသတ်သွားပါပြီ။

အမေရိကန်ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီအစဉ်ကိုလည်း ဒေါ်နယ်ထရမ့်က အဆုံးသတ်လိုက်ပါတယ်။ ဘိုင်ဒန်အစိုးရလက်ထက် ၂၀၂၄ ခုနှစ်မှာ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို အမေရိကန်နိုင်ငံက လက်ခံပေးခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း ဒုက္ခသည်လက်ခံမှု အများဆုံးပမာဏပါပဲ။

သူ့ရဲ့ ပထမသက်တမ်းတုန်းက အကောင်အထည်ဖော်ခဲ့တဲ့ “Remain in Mexico” ဆိုတဲ့ မူဝါဒကိုလည်း ထရမ့်က ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဒီမူဝါဒအရ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားလိုတဲ့ မက္ကဆီကိုနိုင်ငံသားမဟုတ်သူ ဒုက္ခသည်တွေဟာ သူတို့ကို အမေရိကန်အစိုးရဘက်က လက်မခံမချင်း မက္ကဆီကိုနိုင်ငံထဲမှာပဲ စောင့်ဆိုင်းနေထိုင်ရမှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ဒီမူဝါဒကြောင့် မက္ကဆီကိုနိုင်ငံထဲမှာ ဒုက္ခသည်ပေါင်း ၇၁,၀၀၀ လောက် စောင့်နေခဲ့ရဖူးပါတယ်။ ဒီမူဝါဒကို ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်ကြပါတယ်။ မက္ကဆီကိုနိုင်ငံထဲမှာ လပေါင်းများစွာ စောင့်ဆိုင်းနေထိုင်နေရတဲ့ ဒုက္ခသည်တွေဟာ ဒုစရိုက်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်လာတယ်လို့ အဲဒီအဖွဲ့တွေက ထောက်ပြပါတယ်။

လက်ရှိအချိန်အထိ အမေရိကန်လူဝင်မှုကြီးကြပ်ရေးတရားရုံးတွေမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားတဲ့အမှုပေါင်း ၃ သန်းခွဲကျော် ပုံနေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံရေးခိုလှုံခွင့် ဆုံးဖြတ်ချက်ကိုရဖို့ နှစ်နဲ့ချီပြီး စောင့်ရတတ်ပါတယ်။ ထရမ့်ဒုတိယအကြိမ် သမ္မတဖြစ်လာတဲ့အချိန်မှာ လူဝင်မှုကြီးကြပ်ရေး ထိပ်တန်းအရာရှိအချို့ကို ထုတ်ပယ်လိုက်ပါတယ်။ ဒီလုပ်ရပ်က ဒုက္ခသည်တွေရဲ့အမှုကို ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာအပေါ် ရိုက်ခတ်မှုရှိလာနိုင်ပါတယ်။

ဘိုင်ဒန်အစိုးရလက်ထက်မှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာအစိုးရအေးဂျင့်တွေနဲ့ တွေ့ဆုံဖို့ ရက်ချိန်းယူဖို့အတွက် CBP One ဆိုတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ထရမ့်အစိုးရက ဒါကို ပိတ်ပစ်လိုက်ပါပြီ။

အမေရိကန်နယ်စပ်လုံခြုံရေးအေးဂျင့်တွေနဲ့ တွေ့ပြီး စကားပြောဖို့ ရက်ချိန်းရပြီးသားသူတွေအဖို့ သူတို့ရဲ့ အစီအစဉ်တွေ အကုန်ပျက်စီးသွားတာပါပဲ။

လက်ရှိအချိန်အထိ အမေရိကန်နယ်စပ် မက္ကဆီကိုဘက်အခြမ်းမှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၂၇၀,၀၀၀ ခန့် ရှိနေပါတယ်။ CBP One အက်ပလီကေးရှင်းကနေ ရက်ချိန်းရဖို့ စောင့်ဆိုင်းနေကြတဲ့သူတွေပါ။

အဲသလို စောင့်နေရင်းတန်းလန်းမှာပဲ ထရမ့်က အဲဒီအက်ပလီကေးရှင်းကို ပိတ်ချလိုက်တာပါ။ အဝေးကြီးကနေ အမေရိကန်နယ်စပ်ကို ရောက်လာပြီး ရက်ချိန်းရဖို့ လပေါင်းများစွာ စောင့်နေရသူတွေအဖို့ အင်မတန်ကြီးမားတဲ့ နာကျင်မှုပါပဲ။

CBP One အက်ပလီးကေးရှင်းကို ပိတ်ပင်လိုက်တဲ့အတွက် ထရမ့်အစိုးရကို American Civil Liberties Union ဆိုတဲ့အဖွဲ့က တရားစွဲခဲ့ပါတယ်။

မက္ကဆီကို နယ်စပ်မှာ ခံတပ်ပြင်

အမေရိကန်နိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်မှာ ထရမ့်က အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ အခုလို ကြေညာလိုက်တာကြောင့် မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေတွေဆီကနေ ထုတ်ယူသုံးစွဲခွင့် ရသွားစေပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ကို အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပို့မယ်လို့ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့မှာ ပင်တဂွန်စစ်ဌာနချုပ်ကကြေညာခဲ့ပါတယ်။ နဂိုတပ်ချထားပြီးသား တပ်ဖွဲ့ဝင် ၂၅၀၀ ကိုမှာမှ ထပ်တိုးပို့လိုက်တဲ့သဘောပါပဲ။

မက္ကဆီကိုနယ်စပ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၆၀ ရာခိုင်နှုန်းပိုတိုးလာပြီဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ အမေရိကန်စစ်သားတွေကက နယ်စပ်လုံခြုံရေးအေးဂျင့်တွေကို ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ နယ်စပ်ဖြတ်ကျော်ဝင်လာလို့မရအောင် တားဆီးဖို့ အဟန့်အတားတွေ တည်ဆောက်ရာမှာလည်း အားဖြည့်ပေးမယ်လို့လည်း ဆိုပါတယ်။

ဂျော့ရှ်ဒဗလျူဘုရှ်နဲ့ အိုဘာမားအစိုးရလက်ထက်တုန်းကလည်း အခုလို အလားသဏ္ဍန်တူတာမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်သားတွေကို အမေရိကန် ပြည်တွင်းဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်လို့မရအောင် ဖက်ဒရယ်ဥပဒေတွေက ကန့်သတ်ထားတာ ရှိပါတယ်။ စစ်သားတွေအနေနဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးတာမျိုး လုပ်ခွင့်မရှိပါဘူး။ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးတာဝန်တွေမှာသာ ပါဝင်လုပ်ဆောင်ခွင့်ရှိတာပါ။

မွေးရာပါနိုင်ငံသား အခွင့်အရေးအဆုံးသတ်

ရာစုနှစ်ချီသက်တမ်းရှိတဲ့ အခွင့်အရေးတစ်ခုကို အိမ်ဖြူတော်မှာ ပထမဆုံးတာဝန်ယူတဲ့နေ့မှာပဲ ထရမ့်က ရပ်ဆိုင်းပစ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ မွေးတဲ့လူတိုင်းကို နိုင်ငံသားဖြစ်ခွင့်အလိုအလျောက်ပေးထားတဲ့ မူဝါဒကို အဆုံးသတ်လိုက်တာပါ။ အမေရိကန်ရဲ့ နာမည်ကျော် ‘မွေးရာပါနိုင်ငံသားအခွင့်အရေး’ကို သူ့ရဲ့ ရွေးကောက်ပွဲကတိကဝတ်အတိုင်း ထရမ့်က ဖျက်သိမ်းပစ်လိုက်တာပါ။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၄ နဲ့ ကာကွယ်ပေးထားတဲ့ ရာစုနှစ်ချီ မူဝါဒတစ်ခုကို အခုလို ဖျက်သိမ်းပစ်လိုက်တာကြောင့် ပြည်နယ်ရှေ့နေချုပ် ၂၂ ယောက်က ထရမ့်ကို တရားစွဲခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းရေး လက်ထောက်အတွင်းရေးမှူး ဟာရစ်ဆန်ဖီးလ်ဒီးကတော့ အခုလို တုံ့ပြန်ပါတယ်။

“ရက်ဒီကယ်လက်ဝဲယိမ်းသမားတွေအနေနဲ့ ပြည်သူအများစုရဲ့ ဆန္ဒကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် သမ္မတနဲ့အတူ လက်တွဲပြီး အလုပ်လုပ်မလားဆိုတာ ရွေးချယ်ရမယ်”

အမေရိကန်တရားရုံးတွေကတော့ သူနဲ့အမြင်တူချင်မှ တူမှာပါ။

Ref : The Economist,CNN, BBC

ဈာန်ဟိန်း