လောင်းလုံးမြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၃၀) နံနက် ၆ နာရီခွဲခန့်မှစ၍ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်ရာမှ ၅ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးရုံး(စရဖ)နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တိုက်ပွဲအတွင်း စရဖရုံးနှင့် မြို့နယ်စာရင်းစစ်ရုံးရှိ စာရွက်စာတမ်းများ မီးရှို့ခံခဲရကြောင်း မြို့ခံအချို့ကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ရေတပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်မှစပြီး လောင်းလုံးမြို့၏ အနောက်ဘက် ပင်လယ်ပြင်မှ ပစ်ကူပေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မွန်းတည့် ၁၂ နာရီ ကျော်အထိ ပစ်နေတာ”ဟု သူမကပြောသည်။
တိုက်ပွဲအတွင်း ပစ်ခတ်သည့်လက်နက်ကြီး ကျည်သုံးလုံးသည် အနောက်သဗျာရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် တစ်ဆောင်ပျက်စီးခဲ့သည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။
ယင်းအပြင် မြို့ခံအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ခြေထောက်နှင့် လက်မောင်းတို့တွင်လည်း ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဟုသိရသည်။
ထားဝယ်မြို့မှ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းသည်လည်း ယနေ့ မနက် ၁၁ နာရီဝန်းကျင်တွင် မင်းရပ်ကျေးရွာအနောက်ဘက်၌ သေနတ် ပစ်ဖောက်ခဲ့ပြီး အရပ်သားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ကာ လောင်းလုံးမြိုဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ဖမ်းသွားတဲ့သူ တွေ ခုထိမလွတ်လာသေးဘူး”ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၃ နာရီ ခန့်တွင် Dawei Watch သို့ပြောသည်။
ရေဖြူမြို့ ၏ အနောက်ဖက်ကမ်း တွင်လည်း ယနေ့ နံနက်ပိုင်းမှ စပြီး လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်နေမှုကြောင့် ကျေးရွာအချို့မှ ဒေသခံများ စတင်ပြောင်းရွှေ့ နေကြရကြောင်း ဒေသခံများထံမှ သိရသည်။