BREAKING
January 22, 2025

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း မပါဝင်

January 30, 2020

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းကိုပါ ထည့်သွင်းကျင်းပမည်ဟု စီစဉ်ထားသော်လည်း မထည့်သွင်းတော့ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

အမျိုးသမီးဘောလုံးအသင်းတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားများ မရှိခြင်းကြောင့် ပြိုင်ပွဲတွင် အမျိုး သမီးအသင်းကို မထည့်သွင်းရန် ထားဝယ်တက္ကသိုလ်ဘက်မှ ဇန်နဝါရီလ ၂၃ ရက်က အကြောင်းကြားလာကြောင်း အထက်ပါဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။

“အမျိုးသမီးကစားသမားတွေက မရှိဘူး။ တစ်သင်းစာကို မပြည့်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် အဆိုပါ ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားတွင် တစ်နေ့နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲကို တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ လူရွေးချယ်ပွဲအဖြစ်ကျင်းပခြင်းဖြစ်ပြီး နည်းပညာတက္ကသိုလ်ကလည်း ဘာသာရပ်ပေါင်းစုံ ပြိုင်ပွဲကျင်းပပြီး ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်နှင့် ထားဝယ် ပညာရေးကောလိပ်တို့ကမူ လူရွေးပြိုင်ပွဲ မလုပ်ရသေးကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

ထားဝယ်တက္ကသိုလ်သည် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဖြစ်သည်။

ကျော်သူစိုး