BREAKING
September 19, 2024

တနင်္သာရီဘောလုံးအသင်း ဗိုလ်ထပ်စွဲနိုင်မလား

January 30, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပသော သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၂၁ နှစ်အောက် တနင်္သာရီအမျိုးသားအသင်းသည် တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲဝင်ရန်အတွက် နေပြည်တော်ကို ဇန်နဝါရီလ ၂၃ ရက်က ထွက်ခွာသွားပြီ ဖြစ်သည်။

တနင်္သာရီတိုင်းအသင်းသည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူကာ ဆယ်စုနှစ်တစ်ခုစာခန့် ဝေးကွာနေသည့် ဆုဖလားကို ပထမဆုံး ရယူပေးနိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။

တနင်္သာရီတိုင်း နောက်ဆုံးရရှိခဲ့ စသည့် ဆုဖလားမှာ ၂၀၁၁ ခုနှစ်က ကျင်းပသည့် ၅၆ ကြိမ်မြောက် အလွတ်တန်း ဘောလုံးပြိုင်ပွဲမှ ရရှိသည့် တံခွန်စိုက်ဒိုင်း ဆုဖလားဖြစ်သည်။

ယခုနှစ်တွင် ချန်ပီယံဆုကို ကာကွယ် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတို့တွင် ထိပ်တန်းလေးသင်းဝင် အသင်းများဖြစ်သည့် မွန်နှင့် ကရင်ပြည်နယ်တို့ကို ထားဝယ်မြို့သို့ ဖိတ်ခေါ်ကာ ခြေစမ်းပွဲ ကစားခဲ့သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သည် မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ဆောက်သမ်းအသင်း နှင့် ဇွဲကပင်အသင်းတို့ရှိနေသည့် ပြည်နယ် နှစ်ခုဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ဘောလုံး ပြိုင်ပွဲတွင် ထိုကလပ်အသင်း လူငယ်ကစားသမားများဖြင့် ဝင်ပြိုင်လေ့ရှိကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောကြားသည်။

အဆိုပါ ခြေစမ်းပွဲ အုပ်စုပြိုင်ပွဲတွင် တနင်္သာရီအသင်းသည် ကရင်ပြည်နယ် အသင်းကို ၇ ဂိုး၊ ၂ ဂိုးဖြင့် ရှုံးပြီး မွန်ပြည်နယ်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့်အနိုင်ကစားပြီး ဗိုလ်လုပွဲတွင် ကရင်ပြည်နယ်အသင်းနှင့် ပြန်တွေ့ခဲ့သည်။ ဗိုလ်လုပွဲတွင် ကရင်ပြည်နယ် အသင်းကို ခြေစွမ်းအရ ယှဉ်နိုင်ခြင်းမရှိ သော်လည်း ရုန်းအား၊ ကြိုးစားအား ကြောင့် ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားခဲ့သည်။

ကရင်ပြည်နယ်အသင်း နည်းပြချုပ်ဖြစ်သူ ဦးခင်ထွဋ်လျှမ်ကမူ ထိုပွဲတွင် ကွင်းလယ်ဒိုင်ဖြစ်သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်အချို့ကြောင့် ၎င်းတို့အသင်း အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။
တနင်္သာရီတိုင်းအသင်း နည်းပြ ချုပ်ဖြစ်သူ ဦးကျော်မြင့်ကလည်း တနင်္သာရီ တိုင်းအသင်းသည် ခြေစွမ်းအားဖြင့်သော် လည်းကောင်း၊ လေ့ကျင့်မှုအရ သော်လည်းကောင်း ကရင်ပြည်နယ်အသင်းကို မမီကြောင်း ဝန်ခံပြောဆိုထားသည်။

သုံးပွင့်ဆိုင် ခြေစမ်းပွဲအရ တနင်္သာရီတိုင်းအသင်း၏ အဓိက အားနည်းချက်မှာ ကွင်းလယ်ဖြစ်ပြီး ယင်းအချက်ကိုပင် အချိန်မီပြင်ဆင်နိုင် ရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။

ယမန်နှစ် တိုင်းနှင့်ပြည်နယ် ဘောလုံး ပြိုင်ပွဲတွင် အောင်ပွဲဆင်ကာ ပြန်လာခဲ့သည့် တနင်္သာရီတိုင်းအသင်းကို မြို့ခံအချို့ သောင်းသောင်းဖြဖြ ကြိုဆိုအားပေးခဲ့သလို ယခုနှစ်မှာလည် ထပ်မံ ကြိုဆိုအားပေးခံရမည်လားဆို သည်ကိုမူ ဖေဖော်ဝါရီလ တွင်ကျင်းပမည့် ပြိုင်ပွဲကို စောင့်ကြည့်ရမည်ဖြစ်သည်။

တနင်္သာရီတိုင်းအသင်း နည်းပြချုပ်ဖြစ်သူ ဦးကျော်မြင့်ကမူ “ကျွန်တော် တို့ကတော့ အနည်းဆုံး အုပ်စုအဆင့်ကိုကျော်မယ်လို့တော့မှန်းထားတယ်”ဟုဆိုသည်။

ကျော်သူစိုး