မြိတ်မြို့ တွင် ကာလတန်ဖိုး ကျပ် သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးထောင် ကို ဖမ်းဆီးရမိကြောင်း ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၇ ရက်တွင် မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ် ၊ ဦးမြတ်လေးလမ်းရှိ အိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၅၁ နှစ်အရွယ် ဦးတင်ထွေးကို မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာနေပြီး မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။
WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ တနင်္သာရီတိုင်းတွင် ဝယ်ယူရ အလွန်လွယ်ကူလာပြီး မူးယစ်ဆေး စျေးနှုန်းများမှာလည်း အလွန်အမင်းကျဆင်းလာနေသည်။
အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် နေရာပေါ်မူတည်၍ ဆေးတစ်ပြား ၁၀၀၀ ကျပ်၊ ၅၀၀ ကျပ် ခန့်ဖြင့် အလွယ်တကူ ဝယ်ယူလို့ရလာသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာတို့တွင် ဆေးတစ်ပြား ၅၀၀ ကျပ်သာရှိသည်။
သို့သော် စစ်ကောင်စီ WY ဆေးပြား ဖမ်းဆီးရမိသည့်အချိန်တွင် ဆေးတစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်၍ ကာလတန်ဖိုးကို တွက်ချက်ဖော်ပြလေ့ရှိသည်။
ပြီးခဲ့သည် အောက်တိုဘာလ နှင့် နိုဝင်ဘာလ တွင်လည်း မြိတ်နှင့် တနင်္သာရီမြို့နယ် တို့တွင် ကာလတန်ဖိုး ကျပ်သိန်း ၉၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းမိခဲ့ကြောင်း CCDAC က ဖော်ပြခဲ့သည် ။
ယခုနှစ်အတွင်း တနင်္သာရီတိုင်း၌ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည့် မူးယစ်ဆေးဝါးအမှု ၈ မှုထက်မနည်းရှိပြီး ထက်ဝက်ခန့်သည် မြိတ်မြို့ကဖြစ်ကြောင်း CCDAC Myanmar ၏ မှတ်တမ်းအရသိရသည်။