တနင်္သာရီတိုင်းတွင် ရက်ရှည်ပြတ်တောက်သွားသည့် အက်တမ်ဖုန်းလိုင်း ထားဝယ်မြို့အပါအဝင် နေရာအချို့တွင် လိုင်းပြန်ရနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထားဝယ်မြို့ပေါ်တွင် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အက်တမ်ဖုန်းလိုင်း ပြန်ရနေပြီဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ဖုန်းလိုင်းတွေကတော့ မနေ့ကတည်းက ရတယ်။ အင်တာနက်ကတော့ လိုင်းမကောင်းသေးဘူး” ဟု ၎င်းက ဆိုသည်။
လောင်းလုံးမြို့နယ်တွင်မူ ဒီဇင်ဘာလ ၂၈ ရက်မှစပြီး အက်တမ်ဖုန်းလိုင်း ရလိုက် ပြန်ပြတ်တောက်လိုက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဖုန်းလိုင်းတက်လာရင် အင်တာနက်ပါရတယ်။ ပြတ်နေတဲ့အချိန်က ပိုများနေတယ်။ ရတဲ့အချိန်က တစ်နေ့လုံးမှ တစ်နာရီ၊ နှစ်နာရီလောက်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အက်တမ်ဖုန်းလိုင်းသည် တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် နိုဝင်ဘာလ ၂၄ ရက်မှစပြီး ပြတ်တောက်သွားခြင်း ဖြစ်သည်။
ယင်းနေ့မှစပြီး ရက်ပေါင်း ၃၄ ရက်ကြာ ပြတ်တောက်သွားခဲ့ပြီး ယခုနေရာအချို့တွင် လိုင်းပြန်သုံး၍ ရလာခြင်းဖြစ်သည်။
တိုင်းအတွင်း မည်သည့်အတိုင်းအတာအထိ အက်တမ်ဖုန်းလိုင်းများ ပြန်သုံးစွဲ၍ ရရှိနေပြီဖြစ်ကြောင်း မေးမြန်းရန် အက်တမ် ကုမ္ပဏီ (ထားဝယ်ရုံးခွဲ) ထံ ယနေ့ ဒီဇင်ဘာလ ၂၉ရက် နံနက် ၉ နာရီကျော်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။
အက်တမ်ဖုန်းလိုင်း ရက်ရှည် ပြတ်တောက်နေသဖြင့် ဒေသတွင်း ငွေလွှဲလုပ်ငန်းများ၊ အွန်လိုင်းဈေးသည်များ ငွေကြေးလွှဲပြောင်းရန် အခက်အခဲတွေ့ခဲ့ကြပြီး ဒေသခံများမှာလည်း အခြားအော်ပရေတာများကို ပြောင်းလဲသုံးစွဲခဲ့ရသဖြင့် ငွေကုန်ကြေးကျများပြားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
အက်တမ် ဖိုင်ဘာကြိုးများမှာ ရေဖြူမြို့နယ် ကျောက်လုံးကြီးကျေးရွာ၊ ဥဿရံကျေးရွာတို့အနီးတွင် ဖြတ်တောက်ခံရပြီးနောက် ဆက်သွယ်ရေးလိုင်း ပြတ်သွားခြင်းဖြစ်သည်။