စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးက ကျေးရွာနှစ်ရွာတွင် နှစ်ရက်အတွင်းမီးရှို့ခံရသည့်နေအိမ် ၁၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၂၈ ရက်ညနေပိုင်းတွင် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော စစ်ပြဲရွာနှင့် လေးသွန်းခံရွာက နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Dawei Watch က ရရှိထားသည့်စာရင်းအရ စစ်ပြဲရွာတွေ နေအိမ် ငါးဆောင်ခန့်၊ လေးသွန်းခံရွာ ကျောက်လုံးကြီးကွင်းတွင် နေအိမ် ၁၁ ဆောင်ခန့် မီးရှိုခံထားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို အခုရွာထဲခဏလာကြည့်တယ်။ (မီးရှို့ခံရတဲ့အထဲ) ကျွန်မတို့ အိမ်ပါပါတယ်။ ရွာထဲလည်း တစ်ယောက်မှ မလာရဲသေးဘူး” ဟု သူမကပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေတွင် ဂေါ့အင်းရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ဖမ်းဆီးခံထားရကြောင်းဒေသခံတို့ထံမှ သိရသည်။
သက်ကြီးရွယ်အိုနှင့် အမျိုးသမီးငယ်အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး လူငယ် အချို့ကိုမူ ဖမ်းဆီးထိန်သိမ်းထားကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။
“ဂေါ့အင်းဘက်မှာ စစ်ရှောင်နေတဲ့ ကျွန်မ သူငယ်ချင်းလည်းပါတယ် ဖမ်းခံထားရတဲ့အထဲမှာ” ဟု ဒေသခံအမျိုးသမီးနောက်တစ်ဦးက ပြောသည်။





စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်ရှိ စစ်ပြဲ ၊ လေးသွန်းခံ၊ ကထောင်းနီ ကညုံကျွန်းကျေးရွာများကို ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်က ရေလမ်းက လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ကညုံကျွန်းရွာနှင့် ကထောင်းနီရွာကြားမှာ မိုင်းဆွဲခံရပြီး ဝေဒီရွာဘက်မှာ လာသည့်စစ်ကြောင်းသည် စစ်ပြဲ တံတားအနီး မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိိရသည်။
ထိုနောက် ညနေပိုင်းတွင် စစ်ပြဲ ရွာနှင့် လေးသွန်းခံ ရွာကနေအိမ်တွေ ကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
ထို့ကြောင့် လောင်းလုံးမြို့အနီးရှိ ကျေးရွာ ခုနစ်ရွာမှ ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။