<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅)
အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)
အခန်း-၅၆-
(၁) မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ဖို့လိုအပ်လာခြင်း
ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုလာတဲ့ ကျနော်တို့ဟာ တနင်္သာရီမြစ်ဘေး၊ တောကြီးမျက်မည်းထဲက ဒီစခန်းမှာ ဆယ်နှစ်-ဆယ်မိုးနေထိုင်ခဲ့ပါတယ်။
ကျောင်းသားဘဝက ၄-နှစ်လောက် တက်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေကိုတောင် ဘဝတလျှောက်လုံး တမ်းတမ်းတတ ဖြစ်နေသူတွေရှိတယ်ဆိုရင် ဆယ်နှစ်-ဆယ်မိုး ကျဉ်းထဲကျပ်ထဲ၊ မိုးထဲ ရေထဲ၊ တိုက်ပွဲတွေကြားထဲ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ နေခဲ့ဖူးတဲ့ တောတွင်းက ဘဝတက္ကသိုလ်ကို ကျနော်တို့ ဘယ်လောက်အထိ တမ်းတမ်းတတ ဖြစ်နေမလဲဆိုတာ မှန်းဆလို့ရနိုင်မယ် ထင်ပါတယ်။
အဲဒီလို တမ်းတနေရမယ့် စခန်းကနေ တခဏတာ ခွာစစ်ဆင်မယ်၊ အခြေနေပေးရင် နဝတ-တပ်တွေ ပြန်ဆုတ်ပြီးတဲ့နောက် ဒီဒေသဆီ ငါတို့တပ်တွေ ပြန်လာမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ခွာလိုက်တာပါ။
ဒါပေမယ့် အခု ၁၅ နှစ်ကြာတဲ့အထိ (၂၀၁၂ ကာလ ကိုဆိုလို) အဲဒီဒေသဆီ လုံး၀ မပြန်နိုင်တော့ပါဘူး။ ကျနော် ရောက်ဖူးခဲ့တဲ့ ဗဟိုဖက်က စခန်းတွေအားလုံးနီးပါးဟာ မင်းသမီးစခန်းလောက် ဆယ်နှစ်-ဆယ်မိုး နေရာမရွှေ့ပဲ တနေရာတည်းမှာနေတဲ့ ကျောင်းသားစခန်း မရှိခဲ့ဖူးပါဘူး။
ဘုရားသုံးဆူနဲ့ သေဘောဘိုးအပါဝင် နာမည်ကြီး ကျောင်းသားစခန်းတွေဟာ ၁၉၉၀ ဝန်းကျင်ကတည်းက နဝတရဲ့ ထိုးစစ်ကြောင့် နေရာရွေ့ပြောင်းခဲ့ကြရပါတယ်။
တခါ ဒေါင်းခွင်ဌာနချုပ်၊ သေလောထာဌာနချုပ်အပါဝင် သောင်ရင်းနဲ့ သံလွင်မြစ် တကျောက ကျောင်းသားစခန်းတွေဟာလည်း ၁၉၉၄ နှောင်းပိုင်း KNU ဌာနချုပ် မာနယ်ပုလောစခန်း ကျပြီးနောက် တပြုံလုံး နေရာပြောင်းခဲ့ကြရပါတယ်။
သူများစခန်းတွေ အဲဒီလိုပြောင်းနေချိန်မှာ ကျနောတို့ မင်းသမီးစခန်းက အိန္ဒြေမပျက်၊ အမှုမဲ့အမှတ်မဲ့၊ ကိုယ်နဲ့မဆိုင်သလို နေလို့ထိုင်လို့ကောင်းတုန်း။
တောထဲမှာတုန်းက ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ KNU ခေါင်းဆောင်ပိုင်းရဲ့ အပြောတိုင်းဆိုရင် ၁၉၇၀-ဝန်းကျင် မင်းသမီးဒေသမှာ သူတို့စခန်းဆောက်ကတည်းက မြန်မာအစိုးရ အဆက်ဆက် တပ်တွေ တခါမှ ထိုးစစ်မဆင်ဖူးဘူးလို့ သိရပါတယ်။
၁၉၈၀-ဝန်းကျင်က လေယဉ်နဲ့တခါ ဗုံးလာကြဲခဲ့ဖူးပေမယ့် ကြက်-ဘဲ တဒါဇင်လောက် သေတာကလွဲပြီး ဘာမှထိခိုက်ပျက်စီးမှု မရှိခဲ့ဖူးဘူးလို့ဆိုပါတယ်။ ဗဟိုဘက်က စခန်းတွေလို ရန်သူထိုးစစ် ခဏခဏ ခံရဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့်လည်း အခုလို ခဏတာ ခွာစစ်ဟာ တသက်တာ ဖြစ်သွားတာလားလို့လဲ ကျနော် စဉ်းစားနေမိပါတယ်။
———————
(၂) နီဒိုနီထောပွဲတော်နှင့် တောထဲက ပျော်ပွဲရွှင်ပွဲများ
ဆိုလိုတာကတော့ ဗဟိုဖက်မှာဆိုရင် ဒီနေရာကို နဝတ-က သိမ်းလိုက်ရင် အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ နောက်တနေရာကို ကျနော်တို့ တပ်တွေက ပြန်သိမ်းပြီး စခန်းသစ်အဖြစ် အခြေပြန်စိုက်နိုင်ခဲ့ပါတယ်။ အဲဒီနေရာကို ထပ်သိမ်းရင် နောက်တနေရာမှာ ထပ်အခြေစိုက်နိုင်ခဲ့ပြန်ပါတယ်။
အဲဒီလို အတွေ့အကြုံတွေပေါ် အခြေခံပြီး ကျနော်တို့ မင်းသမီးစခန်းကနေ ခွာစစ်ဆင်တာဟာ ခဏတာလို့ ထင်ခဲ့မိတာပါ။ ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေးကို တွက်ဆတဲ့ နေရာမှာ တက္ကသိုလ်စာသင်ခန်းမှာလို ဂဏန်းပေါင်းစက် သက်သက်နဲ့တွက်လို့ ဘယ်အဖြေမှန်ထွက်ပါ့မလဲ။ ၁ နဲ့ ၁ ပေါင်းတိုင်း ၂ ဖြစ်မယ်လို့ ပုံသေနည်းအတိုင်း တွက်ဆထားလို့ ဘယ်ရမလဲ။
မင်းသမီးစခန်းကနေ ကျနော်တို့ ခွာစစ်ဆင်ဖို့ ပြင်ရတဲ့အချိန်ဟာ ၁၉၉၇- ဖေဖော်ဝါရီလ အစောပိုင်း နီဒိုနီထော အခမ်းအနား ကျင်းပနေချိန်ပေ့ါ။ နေ့ကြီးရက်ကြီးလို့ အဓိပ္ပာယ်ရတဲ့ ဒီအခမ်းအနားကို ၄-နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ပထမအကြိမ်ပွဲကို ကျနော်တို့ တောခိုကာစ ၁၉၈၉- အစောပိုင်းမှာ ကျင်းပပေမယ့် ဗဟိုဒေသဆီ ကျနော်ရောက်နေလို့ မကြုံလိုက်ရပါဘူး။
၁၉၉၃- ဖေဖော်ဝါရီမှာတော့ ABSDF သုံးခြမ်းကွဲနေပြီး ကျနော်တို့ ၂၀၁-တပ်ရင်း ဘက်မလိုက်အဖွဲ့ အင်အားအကောင်းဆုံးအချိန် ဖြစ်တာမို့ အဲဒီပွဲမှာ “တာဇန်” ဆိုတဲ့ စားသောက်ဆိုင်တခုကိုဖွင့်ပြီး တပ်ရင်းရံပုံငွေ ရှာခဲ့တာကို အမှတ်ရနေပါတယ်။ အခု ၁၉၉၇- မှာလည်း အလားတူ ”တာဇန်” ကိုပဲ ဆက်ဖွင့်ပြီး ကျနော်တို့ရဲဘော်တွေ ရံပုံငွေရှာနေပါတယ်။
၄- နှစ်တကြိမ် ကျင်းပတာနဲ့အညီ ရပ်နီးရပ်ဝေးက ကရင်အမျိုးသားတွေ ထောင်၊ သောင်းချီပြီး အတော့်ကို စုံစုံလင်လင် လာရောက်စုရုံးကြတဲ့၊ ဒီဒေသအတွင်း အစည်ကားဆုံး ပွဲတော်တခုဖြစ်ပါတယ်။
ဘယ်လောက်အထိ လူစုံသလဲဆိုရင် ကျနော်တို့ ထားဝယ်က နာမည်ကြီး ဘောလုံးသမားတွေ၊ ဘောလီဘောသမားတွေတောင် ဒီပွဲကိုလာနွှဲကြပါတယ်။ ထားဝယ်ကောလိပ်ဝန်းကျင်မှာ ကျနော်တို့တွေ့ဖူးနေတဲ့ ဒီနာမည်ကြီး အားကစားသမာတွေ KNU နယ်မြေဆီ ဒီလိုလာနေ-သွားနေကြမှန်း ထားဝယ်မှာတုန်းက ကျနော်လုံးဝမသိခဲ့ပါ။
ဘောလုံးပွဲ၊ ဘောလီဘောပွဲအပြင် လက်ဝှေ့ပွဲ၊ ခေါင်းအုန်းရိုက်ပွဲတွေလည်း ခြိမ့်ခြိမ့်သဲပါပဲ။ အားကစားပွဲနဲ့ နိုင်ငံရေးပွဲကျင်းပရာ ယာယီဘောလုံးကွင်း ပတ်လည်မှာတော့ တာဇန်အပါဝင် စားသောက်ဆိုင်မျိုးစုံပေါ့။
ကစားစရာ၊ စားစရာတွေထက် ပိုအရေးကြီးတာကတော့ ကရင့်တော်လှန်ရေးသမိုင်းနဲ့ ကရင့်မျိုးချစ်စိတ်ဓာတ်အကြောင်း ဟောပြောတဲ့ နိုင်ငံရေးစင်မြင့်ပါ။ ဒါပေမယ့် ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၈၉- နဲ့ ၁၉၉၃- အခမ်းအနားတွေမှာ ကျနော်တို့ကျောင်းသားတွေ ဘောလုံးကန်တာ၊ ပြဇတ်ကတာ၊ ဆိုင်ရောင်းတဲ့နေရာတွေမှာပဲ ပါဝင်ခွင့်ရပြီး နိုင်ငံရေးအခမ်းအနားဆီ တက်ရောက်ခွင့်ရတယ်လို့ ကျနော် မကြားမိပါဘူး။
ဒါပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား ကျနော်တို့ဆီက စစ်ကြောင်းတခုလည်း အခမ်းမနားဆီ ချီတက်ပေးပါ၊ မိန့်ခွန်းလည်း ပြောပေးပါလို့ KNU ဖက်က ကမ်းလှမ်းလာပါတယ်။ ဆယ်နှစ်ဆယ်မိုး ကြာသွားပြီဖြစ်လို့ KNU နဲ့ ABSDF အကြား ပိုမိုနားလည် နီးစပ်လာတဲ့သဘောလို့လည်း ပြောနိုင်မယ်ထင်ပါတယ်။
နောက်တခါ NLD-LA (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ), DPNS (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ PDF (မူလ ဗိုလ်မှူးစိန်မြဖွဲ့ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး) နဲ့ တခြား မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း ဒီနှစ် အခမ်းအနားဆီ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
ဒီအတွက် ABSDF အမှတ်-၁ တပ်ရင်း စစ်ကြောင်းဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ ကျနော်တို့စခန်းရှိရာ အမရာရွာဝန်းကျင်ကနေ နီဒိုနီထော အခမ်းအနားကျင်းပရာ ထီးထာရွာအလွန် ဆေးရုံအနီးက ကွင်းပြင်ကြီးထဲအထိ ဖုန်ထူထူ သစ်မှောင်ခို ကားလမ်းအတိုင်း ချီတက်လာကြပါတယ်။
———————-
(၃) စစ်ပူချိန်မှာ နိုင်ငံခြားသတင်းထောက်တွေ ရောက်လာခြင်း
အဲဒီကာလ ABSDF တောင်ပိုင်းစစ်ဒေသ မင်းသမီးစခန်း ဖွဲ့စည်းပုံကိုပြောရမယ်ဆိုရင် ဗဟိုဦးဆောင်ကော်မတီဝင်တဦးဖြစ်သူ ကိုဌေးအောင် (အခု စစ်ရေးအကဲခတ်အဖြစ် လူသိများနေသူ) က တောင်ပိုင်းစစ်ဒေသရဲ့ တာဝန်ခံဖြစ်ပါတယ်။
သူ့အောက်မှာတော့ ကိုမင်းအောင်၊ ကိုသိန်းဆောင်၊ ကိုသောင်းထွန်းနဲ့ ကျနော်တို့က အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျနော်တို့ အောက်မှာတော့ အမှတ်-၁ တပ်ရင်းရှိပြီး တပ်ရင်းမှူး ကိုချစ်ကိုကို၊ ဒုရင်းမှူး ဆရာအောင်မြင့်၊ ထောက်လှမ်းရေးမှူး ကိုဇော်သန်း၊ တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင်၊ ရင်းအရာခံ ကိုလှရွေတို့ရှိပြီး တိုက်ခိုက်ရေးအင်အား ၁၅၀- လောက်ရှိဦးမယ်လို့ ထင်ပါတယ်။
ဒီအချိန်ဟာ ဗဟို ၂-ခု ပြန်လည်ပေါင်းစည်းထားပြီး ဖြစ်ပေမယ့် အရင် ကိုမိုးသီးဇွန်တို့ဘက်က ကိုဆလိုင်းယောအောင် (အခုချိန်အထိ ဗဟိုကော်မီတီဝင်အဖြစ် တာဝန်ထမ်းနေဆဲ) ဦးစီးတဲ့ တပ်ရင်း ၂၀၂-ဟာ အရင်မူလနေရာ ကျနော်တို့စခန်း အရှေ့ဖက် တကီလိုခန့်အကွာမှာ ဆက်လက် အခြေစိုက်ထားဆဲဖြစ်ပါတယ်။
အခုလို စစ်ပူကာလမှာတော့ တပ်ရင်း ၂-ခုစလုံး အနီးကပ် ပူးပေါင်းဆောင်ရွက်ကြပြီး နီဒိုနီထောပွဲမှာ မိန့်ခွန်းတက်ပြောဖို့ တပ်ရင်းမှူး ဆလိုင်းယောအောင်ကို စစ်ဒေသကော်မတီဝင်တွေက ရွေးချယ်လိုက်ပါတယ်။
ပြန်ကြားရေးဌာနက ကျနော်နဲ့ ကိုမင်းဇော်ရွေကတော့ ကင်မရာ တကားကားနဲ့ပေါ့။ ဒီအချိန်မှာ KNU နဲ့ ကျနော်တို့ကြား အတော်နားလည်မှုရနေတဲ့အပြင် ကျနော့်ကိုလည်း DVB သတင်းထောက်မှန်း အတော်များများက သိနေပြီဖြစ်တဲ့အတွက် ကင်မရာကိုင်လို့ လူပျောက်စာရင်း ဝင်သွားတဲ့ခေတ်တော့ ကုန်သွားပြီလို့ ယူဆမိတာပါပဲ။
ကင်မရာနဲ့ပတ်သက်ပြီး နောက်ထပ် တိုက်ဆိုင်မှုတခုကို ပြောရမယ်ဆိုရင် အဲဒီလို နီဒိုနီထော အခမ်းအနားကျင်းပနေချိန်မှာ Asia Week နဲ့ ပြင်သစ်ရေဒီယိုက သတင်းထောက်နှစ်ဦး ကျနောတို့ စခန်းဆီရောက် လာပါတယ်။ နောက်တခါ ကျနော် အမည်မမှတ်မိတော့တဲ့ TV ချယ်နယ်တခုက ကင်မရာမင်းနဲ့ သတင်းထောက် ၂-ဦးလည်း ထပ်ရောက်လာပြန်ပါတယ်။
Asia Week မဂ္ဂဇင်းက ပုဂ္ဂိုလ်က စခန်းမှာတွေ့ရတဲ့ပုံတွေကို ရိုက်ရရုံနဲ့ကျေနပ်ပေမယ့် TV အဖွဲ့ကတော့ ကျနော်တို့တပ်တွေနဲ့အတူ ရှေ့တန်းအထိ လိုက်ချင်တယ်။ နဝတ-ထိုးစစ်အပေါ် ကျောင်းသားတပ်တွေ ဘယ်လို ခုခံသလဲဆိုတာကို မှတ်တမ်းတင်ချင်တယ်ဆိုပြီး နောက်တန်းကပုံကို လုံးဝမရိုက်ပါ။
စစ်ပူနေတဲ့ အခြေနေအရ အရင်ကလိုမျိုး နိုင်ငံခြားသတင်းထောက်တွေကို ရှေ့တန်းခေါ်သွားဖို့ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း အသေချာရှင်းပြပေမယ့် ဒီပုဂ္ဂိုလ်တွေက လက်မခံပါဘူး။ ဘော့စနီးယားစစ်ပွဲ၊ ကမ္ဘောဒီယားစစ်ပွဲ အပါအဝင် စစ်မြေပြင်မှာ သူတို့အတွေ့အကြုံ ရှိဖူးပြီးဖြစ်တဲ့အတွက် သူတို့အတွက် ဘာမှပူစရာမလိုဘူးလို့ အတန်တန်ပြောနေတာကို ကျနော်အမှတ်ရနေပါတယ်။
တခါ အဲဒီလို စစ်ပူနေတဲ့အချိန်အထိ အင်္ဂလန်က စေတနာ့ဝန်ထမ်း ကျောင်းသားတဦးဖြစ်သူ ဂျိမ်းမော်စလီ (James Mawdsley) လည်း ကျနောတို့နဲ့အတူ ရှိနေဆဲဖြစ်ပါတယ်။
(ဂျိမ်းစ် မော်စလီ (James Mawdsley) ဟာ ကျနော်တို့ မင်းသမီးစခန်းက ဆုတ်ချိန်မှာ ထိုင်းနိုင်ငံထဲထွက်ပြီး အဲဒီကတဆင့် မြန်မာနိုင်ငံထဲဝင်ကာ ဆန္ဒပြတဲ့အတွက် ၁၉၉၇ နှစ်လယ်ပိုင်းမှာ နဝတ-ရဲ့ ဖမ်းဆီးခြင်းကိုခံရပါတယ်။ ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရပါတယ်။ အဲဒီ ထောင်တွင်းအတွေအကြုံတွေကို “My terror at the hands of the Burmese junta” ဆိုပြီး လန်ဒန်မှာ စာအုပ်ရေးသား ထုတ်ဝေခဲ့သူဖြစ်ပါတယ်။)
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇) >>>>>
ထက်အောင်ကျော်