မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းသည့် ၂၀၁၁ ခုနှစ်မှစပြီး အများပြည်သူ သတင်းသိပိုင်ခွင့်များမှာ တစတစ တိုးတက်လာသည်။
ဦးသိန်းစိန် အစိုးရလက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအစိုးရလက်ထက်တွင် ယခင် စစ်အစိုးရလက်ထက်ကထက် ပြည်သူများ၏ သတင်းသိပိုင်ခွင့် ပိုတိုးလာသည်မှာ အငြင်းပွားဖွယ်ရာ မရှိပေ။
ထိုသို့ အထိုက်အလျောက်တိုးတက် မှု ရှိနေခဲ့သော ပြည်သူတို့၏ သတင်း သိပိုင်ခွင့်အခြေအနေသည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလအတွင်း အကန့်အသတ်များ ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် သတင်းသိပိုင်ခွင့်အခြေအနေမှာ အခန်းအောင်းနေခဲ့ပြီဖြစ်သည်။
ပြည်သူများသတင်းသိပိုင်ခွင့်မှာလည်း ၎င်းတို့၏နေ့စဉ်ဘဝ ရှင်သန်ရပ် တည်နိုင်ရေးနှင့် ဘဝအတွက်အရေး ကြီးသည့် ဆုံးဖြတ်ချက်ချမှတ်သည့် အချိန်တို့တွင် အသက်တမျှအရေးကြီး သည့်အလျောက် သက်ဆိုင်ရာအဖွဲ့ အစည်းများဘက်ကလည်း သတင်းထုတ် ပြန်ခြင်းကို အချိန်နှင့် တစ်ပြေးညီထုတ် ပြန်ရေး၊ အများပြည်သူ နားလည်သဘော ပေါက်လွယ်ကူစေနိုင်မည့် အရေးအသား အသုံးအနှုန်းဖြစ်စေရေးကလည်း အရေးပါလှသည်။
ထိုအခြေအနေတွင် စတုတ္ထမဏ္ဍိုင် ဟုခေါ်သည့် မီဒီယာများက အစိုးရမှ ပြည်သူကို သိစေလိုသည့် အချက်များ၊ အစိုးရ၏ လုပ်ဆောင်ချက် အားသာချက် အားနည်းချက်များ၊ လိုအပ်ချက်များ၊ ပြည်သူလိုလားချက်များကို ထပ်ဆင့် ထုတ်ဖော်ဖြန့်ချိပေးသည့် တာဝန်ကို ထမ်းဆောင်ကြသည်။
ယနေ့ခေတ်တွင် သတင်းတု၊ သတင်းမှားများစွာ ပျံ့နှံ့နေသည့်အတွက် သက်ဆိုင်ရာအစိုးရ၊ တာဝန်ရှိဌာနများမှ ထုတ်ပြန်သည့် သတင်းအချက်အလက် က များစွာအရေးကြီးလှသည်။
ကိုဗစ်ကပ်ဘေးမဖြစ်မီက တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဦး သို့မဟုတ် ဌာနဆိုင်ရာ တာဝန်ရှိသူ(ညွှန်ကြားရေးမှူး)ကို သတင်းအချက်အလက်မေးမြန်း မည် ဆိုပါက ၎င်းတို့၏ရုံးခန်းသို့ သွား ရောက်မေးမြန်းခွင့်ရခဲ့သည်။
၎င်းတို့ထံ သတင်းကိစ္စအတွက် အင်တာသွားဗျူးချိန်တွင် သတင်းထုတ် ပြန်ရမည်ဟုဆိုသည့် တာဝန်သိစိတ်ဖြင့်သော် လည်းကောင်း၊ မလွှဲမရှောင် သာ၍သော်လည်းကောင်း လက်ခံ တွေ့ဆုံပြီး ဖြေကြားလေ့ရှိသည်။
သို့သော် ကိုဗစ်ကပ်ဘေး ဖြစ်ပွားချိန်တွင် ပြည်သူသတင်းသိပိုင်ခွင့်က များစွာလျော့ကျသွားခဲ့သည်။
ကိုဗစ်ကပ်ဘေးကူးစက်မှု ပြင်းထန်သည့် စက်တင်ဘာလဆန်းပိုင်းတွင် အစိုးရအဖွဲ့ရုံးအပါအဝင် အစိုးရဌာနရုံး များအတွင်း အပြင်လူဝင်ခွင့်ကို လုံးဝ တားမြစ်လိုက်သည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် ဝန်ကြီးချုပ်နှင့် နယ်လုံ ဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး အချို့နှင့် ဌာနအကြီးအကဲအများစုက ဖုန်းဆက်မေးမြန်းခြင်းကို လိုလိုလားလား လက်ခံဖြေဆိုကြသည်။
သို့သော် ဝန်ကြီးအချို့နှင့် ဌာန တာဝန်ရှိသူအချို့ကမူ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းကို မဖြေဆိုနိုင်ကြောင်း တုံ့ပြန်ကြသကဲ့သို့ အချို့ကလည်း ဖုန်း ပင်မကိုင်ကြပေ။ အချို့သော ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ၎င်းတို့ရုံးသို့ လာပြီး လူကိုယ်တိုင်လာရောက်မေးမြန်းမှသာ ဖြေဆိုနိုင်မည်ဟု တုံ့ပြန်ကြသည်။
ရုံးသို့ လူကိုယ်တိုင်သွားရောက်သတင်းရယူရန် ကြိုးပမ်းသည့်အခါ ၎င်းတို့ရုံးအပေါက်ဝတွင် “ရုံးအတွင်း အပြင်လူ လုံးဝ၀င်ခွင့်မပြု” ဆိုသည့် စာတမ်းကြီးကို ထင်းနေအောင် ချိတ်ဆွဲထားကြပြန် သည်။
ထိုအခင်းအကျင်းက အများပြည် သူ ဆုံးဖြတ်ချက်ချရာတွင် အသက်တမျှ အရေးကြီးလှသည့် သတင်းအချက် အလက်သိပိုင်ခွင့်အတွက် အလုပ်လုပ်နေသည့် သတင်းသမားများအတွက် များစွာ အခက်တွေ့စေသည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုပါ က ပြည်သူလူထု၏ သိပိုင်ခွင့်ကို ပိတ်ဆို့ထားခြင်းနှင့် အလားသဏ္ဌာန်တူ ပါသည်။
ထို့အပြင် ထိုသို့သော အခြေအနေသည် သတင်းတု သတင်းမှားများ ပိုမိုပျံ့နှံ့စေရန် တွန်းအားပေးသည့် အခြေအနေသို့ ဆိုက်ရောက်လာစေသည်။ သဘော သဘာဝအရလည်း တာဝန်ရှိသူများ သတင်းထုတ်ပြန်မှုအားနည်းချိန်တွင် သတင်းတုသတင်းမှားများ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့လေ့ရှိသည်။
ပြည်သူသတင်းသိပိုင်ခွင့်အတွက် သတင်း (အင်တာဗျူး) သွားမေးချိန်တွင် ကိုဗစ်ကပ်ဘေးကို အကြောင်းပြုပြီး ဌာနဆိုင်ရာ ရုံးအချို့က ဝင်ထွက်ခွင့် ကန့်သတ်ထားသည့်အပြင် ဖုန်းမကိုင် ကြသည့်အတွက် သတင်းအမှား သတင်းအတုများ အင်အားပိုကြီးလာသည်ကို တွေ့ရကြောင်း DVB သတင်းဌာန၏ တနင်္သာရီတိုင်းအခြေစိုက် သတင်း ထောက်ကိုအောင်ကျော်က ဆိုသည်။
“သတင်းအမှန်ရဖို့အတွက်ကို စုံစမ်းပေမယ့်လည်း ဌာနဆိုင်ရာတွေ ဖြစ်ဖြစ် ဝန်ကြီးတွေဖြစ်ဖြစ် ဘယ်လိုမှမရ တဲ့အတွက်ကို သတင်းအမှားတွေကို ပြန်လည်ချေပဖို့အတွက်တောင်မှ တော်တော်လေးခက်ခဲတဲ့ အနေအထားမျိုးတွေ ကြုံတွေ့နေရတယ်” ဟု ကိုအောင်ကျော်က ပြောသည်။
လက်ရှိအစိုးရကလည်း ပြည်သူ သတင်းသိပိုင်ခွင့် တိုးမြင့်လာစေရေး စီမံကိန်းရေးဆွဲထားပြီး အကောင်အထည်ရန် လုပ်ဆောင်နေသည်။
ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့် ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP -၂၀၁၈ ခုနှစ်မှ ၂၀၃၀ အထိ)တွင်လည်း ပြည်သူများ သတင်းအချက်အလက် သိပိုင်ခွင့် ပိုမိုတိုးတက်ကောင်းလာစေရေး ဆောင်ရွက်သွားမည်ဟု ဖော်ပြ ထားသည်။ ပြည်သူသတင်းသိပိုင်ခွင့်က အရေးကြီးသည့်အတွက် သတင်းအချက် အလက်ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အစိုးရမှ အကောင်အထည်ဖော်ပါ့မည်ဟု ကတိကဝတ်ပြုထားခြင်းပင်ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များမှ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး ရေးရည်မှန်းချက်များ (SDG) အရ အများ ပြည်သူ သတင်းသိရှိပိုင်ခွင့်ကို တာဝန်ရှိသူမှ လုပ်ဆောင်ပေးရန် တာဝန်ရှိနေ သည်။
ထို့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း လုပ်ငန်း အစီအစဉ်တွင်လည်း အများပြည်သူ သိပိုင်ခွင့်ရစေရေး ဆောင်ရွက်ပါမည်ဟု မြန်မာနိုင်ငံက သဘောတူထားပြီး ယင်းကို လက်တွေ့အကောင်အထည် ဖော်ဆောင် ရွက်ပေးရမည် ဖြစ်သည်။
လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး အချို့ ဌာနဆိုင်ရာ တာဝန်ရှိသူအချို့က သတင်းထုတ်ပြန်ရန် လက်တွန့်နေကြခြင်းမှာ အဆိုပါကတိကဝတ်များကို မျက်ကွယ်ပြုထားရာ ရောက်နေသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ဆက်နွယ်နေသည့် သတင်းအချက်အလက်မှအပ အခြားအချက်အလက်များကို မဖြစ်မနေ ထုတ်ပြန်ပေးရန် တာဝန်ရှိပေသည်။
အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း အများစုက ခေတ်မမီတော့သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများကြောင့် လမ်းခင်း၊ မြောင်းဖောက် အစရှိသည့် ပြည်သူ့ဘဏ္ဍာ ငွေကို သုံးစွဲရမည့် လုပ်ငန်းအားလုံးနီးပါးကို ကန့်သတ်၊ လျှို့ဝှက် အစရှိသည့် လုံခြုံရေးအဆင့် သတ်မှတ်ထားကြသည်။
ယင်းဥပဒေလုပ်ထုံးလုပ်နည်းကန့် သတ်ချက်များက အများပြည်သူသတင်း သိပိုင်ခွင့်ကိုအဟန့်အတားဖြစ်နေစေ သည်။
မိမိဌာန၏ လုပ်ဆောင်ချက်၊ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ပွင့်ပွင့် လင်းလင်း ဖြေဆိုကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ အချို့လည်းရှိပါသည်။
ဌာန၏ အကြီးအကဲတာဝန်ယူထား သူများက အများပြည်သူသိပိုင်ခွင့်ရှိသည့် သတင်းအချက်အလက်များကို ဖုံးကွယ် စရာမလိုဘဲ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးရန် တာဝန်ရှိကြောင်း တနင်္သာရီတိုင်းအတွင်းရှိ အစိုးရဌာနတစ်ခု၏ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။
“အခုကိုဗစ်နဲ့ တိုက်ဆိုင်တဲ့အချိန်မှာ သူတို့ရဲ့ အကွက်ထဲဝင်သွားတာပေါ့။ မဖြေချင်တာလည်းပါတယ်၊ ပွင့်လင်းမြင် သာမှုလည်း မရှိဘူးလို့ ထင်တယ်” ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြော သည်။
လက်ရှိအစိုးရလက်ထက်တွင် တိုင်းအစိုးရ၏ လုပ်ဆောင်ချက်များကို အများပြည်သူသိရှိစေရန် င်္ခေနဘသသု လူမှုကွန်ရက်ကို အသုံးပြုပြီး ထုတ်ပြန် လာသည်ကို တွေ့ရသည်။
သို့ရာတွင် ပြည်သူများ လက်လှမ်းမီမှု၊ နားလည်နိုင်စွမ်းရှိသည့် ရှင်းလင်းသည့် အရေးအသား၊ ပြည်သူအား သိစေလိုသည့် သတင်းစကားကို မပေးနိုင်ဘဲ ၎င်းတို့၏Activity (လှုပ်ရှားမှု) ထုတ်ပြန်မှုမျိုးသာ တွေ့ရသည်။
တစ်ကမ္ဘာလုံးရင်ဆိုင်ခံစားနေရ သည့်လက်ရှိကိုဗစ်ကပ်ဘေးကာလတွင် မှန်ကန်ပြီး ပြည်သူများလက်လှမ်းမီသည့် သတင်း အချက်အလက်ထုတ်ပြန်ပေးနိုင်ရန်လည်း အထူးလိုအပ်လှပေသည်။
လက်ရှိကိုဗစ်ကာလတွင် သတင်း အချက်အလက်အချိန်မီမရသည့်အတွက် ပြည်သူများ ဆုံးဖြတ်ချက်ချရာတွင် တွေဝေစေသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
ထားဝယ်မြို့တွင် ကိုဗစ်ပိုးထိတွေ့ သူနှင့် ထိတွေ့ဆက်နွှယ်ခဲ့ဖူးသူတစ်ဦးကို ကွာရန်တင်းစခန်းသို့ မည်သည့်အချိန်တွင် လာခေါ်မည်မှန်းမသိ၊ မည်သည့် ကွာရန်တင်းစခန်းတွင် သွားနေရမှန်း မသိဘဲ နေအိမ်မှာပင် တစ်ရက်ကျော်ကျော် နေထိုင်နေရသည်။
အချိန်တစ်ရက်ကျော်သည်အထိ တာဝန်ရှိသူများမှ ဖုန်းဆက်အကြောင်း ကြားခြင်း တစ်စုံတစ်ရာမရှိသည့်အတွက် ဆုံးဖြတ်ချက်ချရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
၎င်းအနေဖြင့် ကျင့်ဝတ်စည်းကမ်း စောင့်စည်းခြင်းမရှိဘဲ ရပ်ရွာအတွင်း ပုံမှန်အတိုင်းသွားလာနေမည်ဆိုပါက ကိုဗစ်ရောဂါပိုးဖြန့်ဖြူးသူ တစ်ဦးအဖြစ်သို့ ရောက်မှန်းမသိ ရောက်သွားနိုင်ပေ သည်။
ထို့အပြင် ကွာရန်တင်းစခန်းများတွင် နေထိုင်ရင်း ကိုဗစ်ပိုးစစ်ရန် နမူနာ စစ်ဆေးပြီးချိန်တွင် ပိုးတွေ့/မတွေ့ကို ကာယကံရှင်အား အသိပေးအကြောင်းကြားခြင်း တစ်စုံတစ်ရာ အသိပေးခြင်း ထုတ်ပြန်ပေးခြင်းမရှိသည့်ဖြစ်စဉ်များလည်း ကြုံတွေ့ကြရသည်။
ထိုအချက်များက တာဝန်ရှိသူများ၏ သတင်းအချက်အလက်ထုတ်ပြန်မှု နောက်ကျခြင်း သို့မဟုတ် သတင်း ထုတ်ပြန်ခြင်းက အရေးမကြီးဟု ထင်မြင်နေခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပေသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ ထားဝယ်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့က ပြည်သူ့ဘဏ္ဍာဖြင့် လုပ်ဆောင်မည့် လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေစာရင်း တောင်းယူရာတွင် အတည်မပြုသေးသည့်အတွက် ထုတ်ပြန်၍မရသေးကြောင်း ငြင်းဆိုမှုများရှိနေသည်။
အဆိုပါဘတ်ဂျက်လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရနှင့် လွှတ်တော်က အတည်ပြုထားပြီးဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က လူမှုကွန်ရက်ပေါ်တွင် မျှဝေထားပြီးဖြစ်သည်။
အစိုးရနှင့် ပြည်သူကြားတွင် ပေါင်းကူးပေးနေသည့် မီဒီယာများအား သတင်းထုတ်ပြန်ပေးမှုအားနည်းနေပါ က ပြည်သူများ သတင်းအချက်အလက် သိရှိနိုင်ရေး ဝေးကွာနေမည်ဖြစ်ကြောင်း DVB သတင်းထောက်ကိုအောင်ကျော်က ဆိုသည်။
“ဒီမိုကရေစီလမ်းကြောင်းကလည်း ပိုပြီးတော့ဝေးသွားမယ်လို့ မြင်တယ်”
ဟိန်းနောင်