BREAKING
January 22, 2025

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း လူပျောက်မှုလေးခုရှိပြီး သုံးခုပြန်တွေ့

November 29, 2024

ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင် တစ်ပတ်အတွင်း၌ လူပျောက်ကြော်ငြာမှု လေးခုထက်မနည်းတွေ့ရပြီး သုံးခုတွင် မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရရှိကာ တစ်ခုမှာ အဆက်အသွယ် မရသေးကြောင်း မိသားစုများထံမှ သိရသည်။

မြိတ်မြို့ ၊ မြိတ်တောင်အလယ်ပိုင်း ရွှေမေတ္တာလမ်းတွင်နေသည့် အသက် ၁၇ နှစ်အရွယ် မောင်လင်းပိုင်ထွေးမှာ နိုဝင်ဘာလ ၂၃ ရက်က ပျောက်ဆုံးခဲ့ပြီး ခုနစ်ရက်ကြာသည်အထိ သားဖြစ်သူနှင့် အဆက်အသွယ် မရကြောင်း မိခင်ဖြစ်သူက ယနေ့ Dawei Watch သို့ ပြောသည်။

မောင်လင်းပိုင်ထွေးကို မြိတ်မြို့ အောင်ဆန်း (၁) လမ်းတွင် နေထိုင်သည့် ပွဲစားလင်မယားက အခကြေးငွေယူပြီး ငါးဖမ်းလှေ ပေါ်ထည့်လိုက်သည်ဟုယနေ့ သတင်းရ၍ လာရောက်မေးမြန်းနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မ မအိပ်နိုင် မစားနိုင်တောင်ဖြစ်နေပြီ။ အခုသတင်းရလို့ လာမေးတယ်။ ထွက်စရိတ် လေးသိန်းနဲ့ ကျွန်မသားကို ပင်လယ်ထဲ ထည့်လိုက်တယ်ပြောတယ်။ အဲဒီလင်မယားက သုံးသောင်းယူခဲ့တယ်လို့ပြောတယ်။ ဒါပေမဲ့အခုထိ ဖုန်းတွေ ဆက်မရဘူး” ဟု မောင်လင်းပိုင်ထွေး၏ မိခင်က ပြောဆိုသည်။

မောင်လင်းပိုင်ထွေး ပျောက်ဆုံးမှုနှင့်ပတ်သက်၍လည်း ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၈ ရက် ကျောင်းဆင်းချိန်တွင် ထားဝယ်မြို့နေ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးနှင့် မြိတ်မြို့နေ အသက် ၁၁ နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးမှာလည်း ပျောက်ဆုံးခဲ့ပြီးနောက် တစ်ရက်အကြာ ယနေ့ နံနက်ပိုင်းတွင် အသီးသီးပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထားဝယ်က အသက် ၁၄ နှစ်အရွယ် ကျောင်းသူမှာ မိခင်ကျောင်းလာပို့ပြီးသည့်နောက် ကျောင်းဝင်းထဲသို့ မဝင်ဘဲ သူငယ်ချင်းများနှင့် လျှောက်လည်နေရာမှ တစ်ရက်အကြာ လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့နံနက်ပိုင်း၌ ပြန်လည်တွေ့ရှိ ခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များကပြောဆိုသည်။

“အခုမနက်ပဲ မောင်းမကန်မှာ တွေ့တယ်။ ကျောင်းဝတ်စုံနဲ့ မနက်စောစော လူတစ်ယောက်က တွေ့လို့ ခေါ်ထားပေးတယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့ ကလွင်စာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် လေးတန်းကျောင်းသားတစ်ဦးမှာလည်း ယမန်နေ့ ကျောင်းဆင်းချိန်တွင် ပျောက်ဆုံးခဲ့ရာ ယနေ့ နံနက်ပိုင်းမှ ပြန်‌တွေ့ခဲ့ကြောင်း မိသားစုဝင် အမျိုးသားတစ်ဦးက ဆိုသည်။

“ပြန်တွေ့ပါပြီ။ သူ့သူငယ်ချင်းအိမ်ကို လိုက်သွားတယ်။ ဒီမနက်မှ သိလို့ သွားခေါ်ပြီးပါပြီ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် နိုဝင်ဘာလ ၂၆ ရက် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု ရေဝိုင်းရွာမှ ပကာရီရွာသို့ ဈေးဝယ်သွားသည့် ဆယ်ကျော်သက် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးခဲ့ပြီး‌နောက် တစ်ရက်အကြာ နိုဝင်ဘာလ ၂၇ရက်တွင် ပြန်လည် ရှာတွေ့ခဲ့ ကြောင်း ၎င်းတို့၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောဆိုသည်။

အဆိုပါဆယ်ကျော်သက်ရွယ်မိန်းကလေးနှစ်ဦးမှာ ရေဝိုင်းရွာမှ ငါးမိုင်ကျော်ခန့်အကွာမှရှိသည့် သင်္ကန်းတုန်းရွာ၌ ပြန်လည် တွေ့ရှိခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း၌ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း လူမှုကွန်ရက်တွင် လူပျောက်ကြေညာမှု လေးခုရှိသည့်အနက် နှစ်ခုမှာ ကျောင်းသူ၊ ကျောင်းသားများ ဖြစ်သည်။

ကျောင်းသူ၊ ကျောင်းသားများ စာသင်ချိန်၌ ကျောင်းခန်းပြင်ပ၌ မရှိစေရန် ကျောင်းသားမိဘနှင့် ဆရာဆရာမများပါ ဝိုင်းဝန်း ထိန်းသိမ်းကြပ်မတ်သင့်ကြောင်း ထားဝယ်မြို့ရှိ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ခွင့်တိုင်တဲ့နေရာမှာ မိဘကိုယ်တိုင်ခွင့်တိုင်ဖို့ လိုပါတယ်။ သူငယ်ချင်းနဲ့ ပေးလိုက်တဲ့ခွင့်စာမျိုးဆိုရင်လည်း မိဘကို ကျောင်း ပျက်ရတဲ့ အကြောင်းအရင်းကို ဆက်သွယ်မေးမြန်းသင့်တယ်။ ကျောင်းလာပို့တဲ့အခါမှာလည်း ကျောင်းပြင်ပမှာ ထားခဲ့ တာမျိုး မလုပ်သင့်ဘူး” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် မိဘများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဖုန်းအသုံးပြုမှုကို စနစ်တကျ ကြီးကြပ်သင့်ကြောင်းလည်း အထက်ပါ ပညာရေးဝန်ထမ်းက ဆိုသည်။