BREAKING
January 22, 2025

အခြေခံပညာ အထက်တန်းအဆင့် ‌ကျောင်းသားများ ကျောင်းသုံးစာအုပ်ပြန်အပ်ရမည်

November 29, 2024

ဓာတ်ပုံ - Dawei Watch

အခြေခံပညာအထက်တန်းအဆင့်က ကျောင်းသား၊ ကျောင်းသူများအားလုံး လက်ရှိအသုံးပြုနေသော ကျောင်းသုံးဖတ်စာ အုပ် များကို ပညာသင်နှစ်အကုန်တွင် ပြန်အပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ညွှန်ကြားထား သည်။

လက်ဆင့်ကမ်း သုံးစွဲရေးမူအရ ကျောင်းသုံးဖတ်စာအုပ်များ ပြန်အပ်ခိုင်းခြင်းဖြစ်ပြီး ပြန်အပ်လိုက်သည့်စာအုပ်များကို နောက်နှစ်ကျောင်းသားများကို ပြန်ထုတ်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

“အထက်တန်းအဆင့်မှာ အငှားစနစ်နဲ့ပဲ သွားမယ်။ နိုင်ငံတော်ဘတ်ဂျက် မကုန်အောင်ရယ်၊ ပြီးတော့ နိုင်ငံတော်ပစ္စည်းကို ရိုးသေတဲ့အကျင့်လေး ပါသွားအောင်ပေါ့” ဟု တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းတွင် ပညာသင်ယူနေကြသည့် ဆယ်တန်းမှ ၁၂ တန်းအထိကျောင်းသား၊ ကျောင်းသူများသည် ယခု ပညာသင်နှစ်ကုန်ဆုံးပါ လက်ရှိသုံးစွဲနေသော ကျောင်းသုံးဖတ်စာအုပ်များကို ပြန်အပ်နှံရမည် ဖြစ်သည်။

ပြန်အပ်ချိန်တွင် ကျောင်းသုံးဖတ်စာအုပ်များ စုတ်ပြဲနေပါက လျော်ပေးရမည်ဖြစ်သည်။ သို့သော် ငွေကြေးမည်မျှ လျော်ကြေး ပေးရမည်ကိုမူ သတ်မှတ်ခြင်း မရှိသေးကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူက ဆိုသည်။

“အထက်တန်းကျောင်းသားအရွယ်ဆိုတာက စာအုပ်တွေကို စုတ်ပြဲမသွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်နေပြီလေ။ အဲဒါကြောင့် အထက်တန်းကိုပဲ အငှားစနစ်နဲ့ လုပ်တာ။ ကျန်တဲ့အတန်းတွေကတော့ ပြန်အပ်စရာမလိုဘူး” ဟု ၎င်းက ပြောသည်။

ကျောင်းသားမိဘအချို့ကမူ ခေတ်နောက်ပြန်ဆွဲ ပညာရေးကို စစ်ကောင်စီက အသက်သွင်းနေကြောင်း ပြောဆိုသည်။

“ကျွန်မတို့ ငယ်ငယ်တုန်းကလိုမျိုးပေါ့။ စာအုပ်ထုတ်မယ့် ဘတ်ဂျက်မရှိလို့ မထုတ်ပေးနိုင်တာမျိုးလေ။ ရတဲ့ဘတ်ဂျက်တွေ ကလည်း လက်နက်တွေဝယ်တဲ့နေရာမှာပဲ သုံးနေတာကိုး” ဟု အထက်တန်းကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ယခုပညာသင်နှစ်မှစပြီး အ‌ခြေခံပညာ ၁၂ တန်းပညာသင်စနစ်ကို စတင်ကျင့်သုံးနေပြီး စတင်သည့်နှစ်တွင်ပင် အထက်တန်းကျောင်းသားတိုင်းကို ကျောင်းသုံးဖတ်စာအုပ် မထုတ်ပေးနိုင်ခဲ့ကြောင်း ဆရာ၊ ဆရာမအချို့က ပြောဆိုသည်။

“(အထက်တန်း) စနစ်သစ်ပညာရေးက ဒီနှစ်မှစတာဆိုတော့ ကျောင်းသားတွေ သိပ်မရှိသေးဘူး။ လာမယ့်နှစ်ဆို ပိုများလာဖို့ရှိတယ်။ အဲဒီအတွက် ကြိုပြီးစီစဉ်ထားတာဖြစ်နိုင်တယ်” ဟု အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

အာဏာမသိမ်းမီကမူ ‌ကျောင်းသုံးစာအုပ်အဟောင်းများကို ပြန်အလှူခံပြီး ငွေကြေးချို့တဲ့သူများကို ပြန်လည်မျှဝေသည့်အစီအစဉ်ကို ကျင့်သုံးခဲ့ဖူးသည်။