တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုရွာတွင် အရပ်သားအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၇နာရီခွဲဝန်းကျင်တွင် ရမ်းဖိုရွာ ဆီအုန်းကုန်းရှိ ဥယျာဉ်ခြံတွင် ကွမ်းသီးသွားခူးရာက မိုင်းနင်းမိကြောင်း ဒေသခံများက ဆိုသည်။
မြေမြှုပ်မိုင်းပေါက်ကွဲသည့်အတွက် အသက် ၂၇ နှစ်အရွယ် မသန္တာဦး၏ ခြေဖဝါးစုတ်ပြတ်သွားပြီး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
“ဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိထားရတယ်။။ အခုမိုင်းက ခြေနင်းမိုင်းပါ။ ဒီလိုမိုင်းမျိုး တော်လှန်ရေးတပ် တွေက မသုံးဘူး” ဟု တနင်္သာရီပကဖ၊ တနင်္သာရီရိုးမ ဇုန် (၃) အဖွဲ့၏ ဇုန်တာဝန်ခံ ရဲဘော်အိုတူးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ပြန်ဆုတ်သည့်အချိန်တွင် မိုင်းထောင်တတ်သည့်အတွက် ဒေသခံရွာသားများအနေဖြင့် သတိပြုကြရန် အသိပေးထားရကြောင်း ၎င်းက ဆိုသည်။
ဒဏ်ရာရသွားသည့် မသန္တာဦးမှာ မြိတ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး အခြေအနေမသိရသေးကြောင်း ရမ်းဖိုရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“ခြေတွေဘာတွေတော့ မဖြတ်သေးဘူး။ မနက်ဖြန် ခွဲခန်းဝင်ပြီးမှ အခြေအနေသိရမှာ”ဟု ၎င်းက ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ရက်ကလည်း မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်ရှိ တုံးဗျောကျေးရွာအနီးတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းပေါက်မှုကြောင့် တုံးဗျောရွာက သားအဖနှစ်ဦး ထိခိုက်ပြီး သားဖြစ်သူသေဆုံးခဲ့ကာ ဖခင်ဖြစ်သူ ဒဏ်ရာရခဲ့သည်။
လတ်တလောတွင် စစ်ကောင်စီတပ်က အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများ၊ ဥယျာဉ်သွားလမ်းများတွင် မြေမြှုပ်မိုင်းထောင်ထားလေ့ရှိသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများ ခပ်စိပ်စိပ်ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။