BREAKING
November 29, 2024

ထားဝယ်တွင် ကန်စွန်းမျိုးစေ့ ဝယ်ရခက်

November 29, 2024

ဓာတ်ပုံ - အစိမ်းရောင်လမ်း (website)

ထားဝယ်တွင် ယခုလဆန်းပိုင်းကစ၍ ကန်စွန်းမျိုးစေ့များ စျေးကွက်တွင် ပြတ်လပ်လာသဖြင့် ဝယ်ယူရ ခက်ခဲလာကြောင်း ဟင်းရွက်စိုက်တောင်သူများနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များထံမှ သိရသည်။

“အခုလဆန်းကတည်းက ကန်စွန်းမျိုးစေ့ ဝယ်ရတော်တော်ခက်လာတယ်။ အခုနည်းနည်းတော့ ပြန်ရနေတယ်။ အရင်လို အများကြီးတော့ ဝယ်လို့မရသေးဘူး” ဟု ထားဝယ်မြို့နယ်မှ ဟင်းရွက်စိုက်တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ကီလိုအထုပ်ကြီးများဖြင့် ရောင်းချခြင်းမပြုတော့ဘဲ နို့ဆီဗူးတစ်ဗူးပမာဏ အထုပ်ငယ်များခွဲ၍ ရောင်းချနေကြောင်း ထားဝယ်မြို့က စိုက်ပျိုးရေးအရောင်းဆိုင်တစ်ဆိုင်မှာ အရောင်းတာဝန်ရှိသူက ဆိုသည်။

အခြားအပင်မျိုးစေ့များကို ပုံမှန်အတိုင်းရောင်းချပေးနေပြီး ကန်စွန်းမျိုးစေ့တစ်ခုတည်းသာ စျေးကွက်တွင် ပြတ်လပ် လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထားဝယ်ဒေသအတွက် ကန်စွန်းမျိုးစေ့ကို ရန်ကုန်မှ တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်ရှိ မျိုးစေ့အရောင်းဆိုင်များထံမှ မှာယူရာတွင် အနည်းငယ်သာ မှာယူ၍ ရရှိတော့ကြောင်း အထက်ပါအရောင်းတာဝန်ရှိသူက ဆိုသည်။

“အရင်လို တစ်သောင်း(ကျပ်)တန် ကီလိုအိတ်နဲ့ မျိုးစေ့ထုတ်တွေ မရဘူး။ တစ်ထောင်တန်၊ နှစ်ထောင့်ငါးရာတန် အထုပ်ငယ် တွေတော့ ပြန်ခွဲရောင်းပေးနေတယ်။ အခုလအစလောက်ကစပြီး ကန်စွန်းမျိုးစေ့ ဝယ်ရခက်သွားတယ်။ ပင်ရင်းမှာကို နည်းသွားတာ” ဟု ၎င်းက ပြောသည်။

ပြည်ပမှ မျိုးစေ့တင်သွင်းနေသည့် ရန်ကုန်ရှိကုမ္ပဏီတစ်ခုကမူ မျိုးစေ့တင်သွင်းရာ လမ်းကြောင်းကြန့်ကြာမှုနှင့် မျိုးစေ့ရာသီ အလိုက် အဝယ်များခြင်းတို့ကြောင့် မျိုးစေ့ပြတ်လပ်ခြင်းဖြစ်ကြောင်း အရောင်းပိုင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခြားသွင်းကုန်တွေလိုပဲ မျိုးစေ့တွေလည်း တင်သွင်းရာမှာကြန့်ကြာမှုရှိတယ်။ ပြီးတော့ အခုက မိုးအကုန် ဆောင်းအကူး ဟင်းရွက်စိုက်တဲ့ရာသီဆိုတော့ စိုက်တဲ့သူများပြီး အဝယ်လိုက်လို့ မျိုးစေ့ရှားသွားတယ်။ ကန်စွန်းက အစိုက်များကြတော့ ရှားတာ သိသာသွားတယ်။ အခုဖုန်းပြောနေတဲ့အချိန်မှာတောင် ကုမ္ပဏီမှာ ကန်စွန်းမျိုးစေ့ပြတ်နေတယ်” ဟု ၎င်းက ပြောသည်။

ယခုစျေးကွက်တွင် ကန်စွန်းရွက် အစည်းငယ်တစ်စီးလျှင် ဖောက်သည်စျေး ကျပ် ၃၀၀ ဝန်းကျင်ရှိပြီး အရောင်းစျေး ကျပ် ၅၀၀ ဝန်းကျင်စျေးရှိကြောင်း တောင်သူများက ဆိုသည်။

ထားဝယ်ဒေသတွင်မူ ပြည်တွင်း ကန်စွန်းမျိုးစေ့ကို စိုက်ပျိုးရာတွင် ဖြစ်ထွန်းမှုအားနည်းသဖြင့် တရုတ်၊ ထိုင်ဝမ်၊ ထိုင်း စသည့်နိုင်ငံများမှလာသည့် ကန်စွန်းမျိုးစေ့ များကို စိုက်ပျိုးသူပိုများကြောင်း တောင်သူများထံမှ သိရသည်။