BREAKING
January 22, 2025

မဟာချိုင်က ဆောက်လုပ်ဆဲ မိုးပျံလမ်းပြိုကျမှုတွင် မြန်မာလေးဦးသေဆုံး

November 29, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ယနေ့ နံနက်ပိုင်းက ဆောက်လက်စ မိုးပျံအဝေးပြေးလမ်းမကြီးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် သေဆုံးသူ၏ မိသားစုဝင်တို့၏ ပြောဆိုချက်များအရ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၄ နာရီခန့်က မဟာချိုင်ဈေးသစ်အနီးရှိ ဖလန်စောင်လမ်းမကြီးပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း စမွတ်စခွန် ပြန်ကြားရေးဌာနက ယနေ့နံနက် ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ သေဆုံးသူအရေအတွက် ထပ်တိုးရှိနိုင်သေးကြောင်းလည်း ဆိုသည်။

သေဆုံးခဲ့သော မြန်မာနိုင်ငံသားများမှာ ကိုချစ်ကိုကို၊ ကိုဧရာ၊ ကိုဖြိုးကိုကိုနှင့် ကိုအောင်သိန်းဌေးတို့ဖြစ်ကြပြီး ကိုချစ်ကိုကိုနှင့် ကိုဧရာတို့၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ကျန်နှစ်ဦးသည် အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုချစ်ကိုကိုနှင့် ပျောက်ဆုံးနေသော ဖြိုးကိုကိုတို့နှစ်ဦးမှာ ညီအစ်ကိုဖြစ်ကြပြီး ၎င်းတို့၏ နောက်ထပ်ညီအစ်ကို နှစ်ဦးမှာလည်း ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ပြိုကျတဲ့အထဲ အစ်ကိုသုံးယောက် ညီတစ်ယောက် (ညီအစ်ကိုလေးဦး) ပါသွားတယ်။ အကိုကြီးနဲ့ အငယ်ဆုံးက ဆေးရုံမှာ။ ကျွန်တော်သိတာကတော့ နို့ညှာအစ်ကိုက အဲဒီအောက်မှာ (အပျက်အစီများအောက်မှာ) ဖြစ်ဖို့များတယ်။ ပျောက်နေတယ်ပဲ သိထားတာ။ ကျန်တာတော့ မသိရသေးဘူး။ အခုဆေးရုံလိုက်သွားနေတုန်း” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းခွင် ပြိုကျမှုကြောင့် အလုပ်သမား ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိထားပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ပြိုကျချိန်က အလုပ်သမား ၄၀ ခန့် အလုပ်လုပ်နေပြီး ၂၅ ဦးက အန္တရာယ်ကင်းခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

လုပ်ငန်းခွင် ပြိုကျသောအကြောင်းအရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ပြိုကျသောနေရာသို့ အာဏာပိုင်များ ရောက်ရှိနေပြီး သေဆုံးသူမိသားစုဝင်များနှင့် ဆေးရုံတင်ထားသော ဒဏ်ရာ ရရှိသူများကို ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြိုကျနေသော လမ်းပိုင်းနှစ်ဖက်စလုံးကို ပိတ်ထားသဖြင့် လမ်းပိတ်ဆို့မှုများ ဖြစ်နေကြောင်း ဖော်ပြသည်။

Ref: The Thaiger, Bangkok Post, Nation, Reporter, The Standard, စမွတ်စခွန် ပြန်ကြားရေးဌာန