BREAKING
January 23, 2025

၁၆ နှစ်အောက်များ လူမှုကွန်ရက်သုံးစွဲမှု ပိတ်ပင်မည့် ကမ္ဘာ့ပထမဆုံးဥပဒေ ဩစတြေးလျ ပြဌာန်း

November 29, 2024

ဓာတ်ပုံ - CBS News

အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုကွန်ရက် သုံးစွဲခြင်းကို ပိတ်ပင်သွားမည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျ ဆီးနိတ်လွှတ်တော်က ကြာသပတေးနေ့တွင် ပြဌာန်းလိုက်သည်။

Tik Tok, Facebook, Snapchat, Reddit, X အစရှိသည့် လူမှုကွန်ရက်ကုမ္ပဏီများအနေဖြင့် ယင်းဥပဒေကို ချိုးဖောက်ပါက ဩစတြေးလျဒေါ်လာ သန်း ၅၀ (ကန်ဒေါ်လာ ၃၂ဒသမ၅ သန်း) ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

လူမှုကွန်ရက်သုံးစွဲခြင်းနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး ဖြစ်လာသည့် ယင်းဥပဒေသည် လတ်တလော အသက်မဝင်သေးဘဲ တစ်နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။

ငယ်ရွယ်သူများအား လူမှုကွန်ရက် သုံးစွဲခြင်း၏ ဆိုးကျိုးများမှ ကာကွယ်ရန် ယင်းဥပဒေကို ပြဌာန်းရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် Anthony Albanese က ပြောကြားခဲ့သည်။

“ဒါဟာ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာပဲ”ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေ၏ အကျိုးသက်ရောက်မှုနှင့် ၊ ယင်းပိတ်ပင်မှုကို မည်သို့လုပ်ဆောင်မည်ဆိုသည်နှင့် မရှင်းလင်းမှုများရှိနေ၍ ကန့်ကွက်ဝေဖန်မှုများလည်း ရှိနေသည်။​

နော်ဝေအစိုးရကလည်း လူမှုကွန်ရက်အသုံးပြုရန် ကန့်သတ်ထားသည့် အသက်အရွယ်ကို ၁၅ နှစ်အထိ တိုးမြှင့်ရန် ပြီးခဲ့သည့်လကပင် အဆိုပြုခဲ့သည်။

ယူကေနိုင်ငံတွင်လည်း အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ လူမှုကွန်ရက်အသုံးပြုခြင်းကို ကန့်သတ်ပိတ်ပင်မည့် ဥပဒေတစ်ခု ပြဌာန်းနိုင်ဖွယ်ရှိကြောင်း ယခုလထဲမှာပင် သတင်းထွက်လာခဲ့သေးသည်။