မြိတ်ကျွန်းစု၊ လန်ပိအဏ္ဏဝါကျွန်း အမျိုးသားဥယျာဥ်နယ်မြေရှိ မကြုံဂလက်ရွာက မော်ကင်းဂျာအိ (ဆလုံ) ဆွေမျိုးစု ခေါင်းဆောင် နတ်ဆရာ ကာရှားသည် နိုဝင်ဘာလ ၂၅ ရက်က ကွယ်လွန်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။
မော်ကင်းဂျာအိ (ဆလုံ) ဆွေမျိုးစု ခေါင်းဆောင် နတ်ဆရာ ကာရှား ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြောင်း Moken Alive Museum က နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
ကာရှားသည် မကြုံဂလက်ရွာတွင်ပင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇နှစ်အရွယ် ရှိပြီဖြစ်ပြီး သားသမီးခုနစ်ဦး ကျန်ရစ်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။
၎င်း၏ စျာပနကို ဘိုချိုကျွန်း၏မြောက်ဘက် လန်ပိကျွန်းပေါ်ရှိ သုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
၁၉၉၀ပြည့်နှစ်မှစ၍ မြိတ်ကျွန်းစုကို ထိခိုက်စေခဲ့သော ပုလဲမွေးမြူရေးစီမံကိန်းကြောင့် ကာရှားနှင့် ဂျာအိမော်ကင်းများ သည် မူလနေထိုင်ရာ ပုလဲကျွန်းမှ စကောကျွန်း၊ လက်စွတ်အော် (ဒိုမယ်ကျွန်း)၊ ဘူဇာကျွန်း၊ လငန်းကျွန်းတန်းနှင့် လန်ပိကျွန်းများသို့ အကြိမ်ကြိမ်ပြောင်းရွှေ့နေထိုင်ခဲ့ကြရကြောင်း Moken Alive Museum ထံမှသိရသည်။
ကာရှားသည် ဖခင်ဖြစ်သူ၏ ဝိညာဥ်ပူးကပ်ကာ ဟောကိန်းများကို အနီးစပ်ဆုံးမှန်ကန်အောင်ဟောနိုင်သည်ဆိုပြီး နတ်ဆရာ အဖြစ် ဂျာအိမော်ကင်းများက လက်ခံလာရာမှ နတ်ဆရာဖြစ်လာသူဖြစ်ကြောင်း မော်ကင်းလူမျိုးအကြောင်းသိရှိသူ ဦးချိုလွန်းက ပြောသည်။
ယင်းနောက် နှစ် ၅၀ ကျော်ကြာ နတ်ဆရာဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဆွေမျိုးစုအလိုက် သီးခြားနေထိုင်တတ်ကြသည့် မော်ကင်းလူမျိုးများသည် ရိုးရာလက်မှုပညာကျွမ်းကျင်ခြင်း၊ ရိုးရာ အသက်မွေးဝမ်းကျောင်းမှုပညာကျွမ်းကျင်ခြင်း၊ ပင်လယ်ပြင်ရာသီဥတုနှင့် ပင်လယ်ရေနေသတ္တဝါတို့၏အလေ့အထများကို နားလည်နှံ့စပ်ခြင်း၊ ဘေးအန္တရာယ်အသွယ်သွယ်ကို ကြိုတင်ခံစား ရှောင်ရှာနိုင်ခြင်းတို့ကြောင့် ဆွေမျိုးစုများက ခေါင်းဆောင်အဖြစ် သတ်မှတ်ကြကြောင်း ဦးချိုလွန်းက ပြောဆိုသည်။
၂၀၂၀ ခုနှစ် မတ်လက မြေပြင်ကွင်းဆင်းကောက်ယူထားသည့် စာရင်းအရ မော်ကင်း (ဆလုံ) လူမျိုးများသည် တိုင်းအတွင်း ရှိ နေထိုင်ရာ ၁၂ နေရာတွင် လူဦးရေနှစ်ထောင်ဝန်းကျင်သာ ကျန်ရှိကြောင်း ၎င်းက ပြောသည်။