BREAKING
February 23, 2025

ဘုတ်ပြင်းရှိ ကျေးရွာများတွင် ရာသီတုပ်ကွေး အဖြစ်များနေပြီး ဆေးကုသရန် အခက်အခဲရှိ

November 29, 2024

ပုံစာ - ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စု တစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီတုပ်ကွေးအဖြစ်များနေပြီး ကျန်းမာရေး ဝန်ထမ်းနည်းပါးမှုကြောင့် ဆေးကုသမှုခံယူရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုကြောင့် ဘုတ်ပြင်းမြို့နယ်ရှိ‌ ကျေးရွာအချို့တွင် ကျွမ်းကျင်သူနာပြု ဆရာမများမရှိတော့ဘဲ နေရပ်ပြန်သွားကြကြောင်း ဒေသခံအချို့က ဆိုသည်။

ထိုကြောင့် ရာသီတုပ်ကွေးဖြစ်ပွားလာချိန်တွင် အခြားရွာရှိ ကျန်းမာရေးဆရာမကိုခေါ်ပြီး ဆေးကုနေရကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဌိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု လမ်းဖိုးကမ်းရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ရွာမှာ ဆေးထိုးဆရာမ မရှိဘူး။ ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ရွာက ဆေးထိုးဆရာမကို ခေါ်ထိုးရတယ်။ အရင်ကတော့ ဆေးရောင်းတဲ့ ဆေးဆိုင်ရှိတယ်။ တိုက်ပွဲတွေဘာတွေဖြစ်တော့ ‌ဆေးဆိုင်လည်းမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

မနိုးရုံးကျေးအုပ်စုတွင် ကျေးရွာ ၆ ရွာရှိပြီး ယင်းဒေသဝန်းကျင်ရှိ အခြားကျေးရွာအုပ်စုအချို့တွင်လည်း ရာသီတုပ်ကွေးဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။

ယင်းဒေသရှိ ကျေးရွာအများစုတွင် ကျန်းမာရေးဝန်ထမ်းများမရှိတော့ဘဲ ကျန်းမာရေးစောင့်ရှောက်မှုမဲ့ နေကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် ဆေးကုသစရိတ်လည်း တက်လာပြီး ပျမ်းမျှအားဖြင့် ရာသီတုပ်ကွေးဖြစ်လာချိန် ဆေးတစ်ကြိမ်ထိုးပါက ကျပ်နှစ်သောင်းခန့် ကုန်ကျနေကြောင်း မနိုးရုံးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရာသီတုပ်ကွေးဖြစ်တာ ဆေးထိုးမှသက်သာတယ်။ အရပ်က ဆေးထိုးဆရာမက ဆေးဖိုးဈေးကြီးတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် မိသားစုဝင်တစ်ဦး ရာသီတုပ်ကွေးဖြစ်ပွားပါ ကျန်သူများကိုပါ ကူးစက်သွားလေ့ရှိပြီး တစ်ပတ်ခန့် နေမကောင်းဖြစ်နေကြကြောင်း ဒေသခံအချို့က ဆိုသည်။

ရာသီတုပ်ကွေးရောဂါမှာ ကူးစက်လွယ်သည့်အတွက် မကြာခဏလက်ဆေးခြင်း၊ လူစုလူဝေးနေရာများသို့ သွားလျှင် နှာခေါင်းပိတ်တပ်ခြင်းတို့ ပြုလုပ်သင့်ကြောင်း ကျန်းမာရေး ဆရာမတစ်ဦးက အကြံပြုသည်။