ယူကရိန်းနိုင်ငံအတွင်းရှိ အခြေခံအဆောက်အအုံ အမြောက်အများကို ရုရှားဘက်က ဒုံးကျည်အလုံးရေ ၉၀၊ ဒရုန်း ၁၀၀ ဝန်းကျင်ဖြင့် မနေ့က(ကြာသပတေး) ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် အေးခဲနေသည့် ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံရပြီး ယူကရိန်းနိုင်ငံအနှံ့မှ ပြည်သူပေါင်းတစ်သန်းကျော် အအေးဒဏ်ခံနေရကြောင်း သတင်းများတွင် ဖော်ပြသည်။






ယခုတိုက်ခိုက်မှုသည် ရုရှားနိုင်ငံထဲသို့ အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ယူကရိန်းက ပစ်ခတ်ခဲ့သဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောခဲ့သည်။
ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်ရှိ အစိုးရအဖွဲ့၏ အဓိကဌာနများကို တိုက်ခိုက်ရန်အတွက်လည်း အသင့်ရှိနေပြီဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။
ယင်းအပြင်မည်သည့်လေကြောင်း ကာကွယ်ရေးစနစ်ကမှ မခုခံနိုင်သည့် နျူကလိယထိပ်ဖူးတပ် Oreshnik ဒုံးကျည်သစ်ဖြင့် ကိယက်ဗ်ကို တိုက်ခိုက်သွားမည်ဟုလည်း ပူတင်က ခြိမ်းခြောက်ခဲ့သည်။