အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း (၁၂၅) တစ်ရင်းလုံး အလံဖြူထောင်ပြီး လက်နက်ချကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ နိုဝင်ဘာလ ၂၉ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
မြန်မာစစ်တပ်ဘက်က ၂၈နှစ်ကြာ ထိန်းချုပ်ထားခဲ့သည့် ကုန်းကြမ်းကိုလည်း ပြန်လည်သိမ်းယူပြီး ရှင်းဝဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
ကုန်းကြမ်း စစ်ကောင်စီတပ်စခန်းကြီးကို နိုဝင်ဘာလ ၂၄ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းစခန်း ဘေးပတ်လည်ရှိစခန်းများကို သိမ်းပိုက်ပြီး MNDAA က ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ၁၂၅ တပ်ရင်း တစ်ခုလုံး လက်နက်ချခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။
အဆိုပါတပ်ရင်းက တပ်ရင်းမှူးသည် ရဲဘော်တစ်ဦးနှင့်အတူ MNDAA ထံသို့ လာရောက်ကာ လက်နက်ချရန် ဆွေးနွေးခဲ့ပြီး ဒဏ်ရာရထားသူများကို ကုသကယ်ဆယ်ပေးရန်၊ မိသားစုဝင်များကို နေထိုင်ရေး စီစဉ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။
တောင်းဆိုချက် လိုက်လျောလိုက်ပြီးနောက် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။





လက်နက်ချသူများတွင် ခလရ ၁၂၅၊ စကခ ၁၆၊ စကခ ၁၂ တို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၁ဦး၊ စစ်ဆင်ရေးအကြံပေး ငါးဦး၊ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၈၀ ကျော် စုစုပေါင်း ၂၇၂ ရှိကြောင်း ထုတ်ပြန်ထားသည်။
ကုန်းကြမ်းဒေသတွင် တစ်စွဲထားသည့် တပ်ရင်းတစ်ခုလုံး လက်နက်ချသဖြင့် ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း MNDAA က ဆိုသည်။
ကိုးကန့်ဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်တို့ကို တိုက်ထုတ်ရန် ရည်မှန်းချက် အောင်မြင်တော့မည်ဟုလည်း ဆိုသည်။