မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နံနက်ပိုင်းက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ လေးရက်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ကျောက်တင်ကား နှစ်စီးဖြင့် မြိတ်ဖက်မှ လာသည့် စစ်ကောင်စီယာဥ်နှစ်စီးကို ပြည်ထောင်စုလမ်းပေါ် ကမ်းတိုရွာအနီးတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“မြိတ်ဘက် တက်လာချိန် ပဒေသာမိုင်းနဲ့ ဆွဲလိုက်တာ။ စရဖ တစ်ဦး သေတယ်လို့တော့ ကြားရတယ်။ အတိအကျ စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။
ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးတွင် စစ်ကောင်စီကားနှစ်စီးအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
မိုင်းဆွဲခံရသည့်အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနိုင်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှု မရှိကြောင်း ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ၊ မြိတ် ပကဖ၊ ပုလော ပကဖ (အရိပ်ပြောက်ကျားအဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) တပ်ခွဲ (၁) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း တနင်္သာရီ မောတောင်ဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ် ယာဥ်တန်း ဘန်းလမွတ် ကျေးရွာအုပ်စုအတွင်း မိုင်းဆွဲခံရပြီး ကားထိုးရပ်ကာ ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးရှိသည့် ဆင်ဖြူရှင်အမှတ် (၄) ရဲဘက်အကျဥ်းစခန်းက ဝန်ထမ်းများနှင့် အကျဥ်းသားများ ယခုရက်ပိုင်းအတွင် မြိတ်ဖက်သို့ ပြောင်းရွှေ့နေခြင်းများရှိနေသလို တပ်သား အချိန်းအပြောင်း လုပ်နေသည်များလည်း ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။