တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လောင်ကိုင်မြို့ထဲတွင် တစ်လနီးပါး ပိတ်မိနေသူများကို ကိုးကန့်တပ် MNDAA က လမ်းဖွင့်ပေးပြီးနောက် သုံးရက်အတွင်း လူသုံးသောင်းကျော် ထွက်ခွာသွားကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာက ဖော်ပြသည်။
လောက်ကိုင်ဒေသတွင် စားနပ်ရိက္ခာ ပြတ်တောက်မှု၊ ဆေးကုသခွင့်မရမှုတို့ကြောင့် လောင်ကိုင်နှင့် ချင်းရွှေဟော်ကြားရှိ စစ်ဆင်ရေးများကို ဖြေလျှော့ကာ လမ်းကြောင်း ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ထွက်ပြေးတိမ်းရှောင်သည့် ဒုက္ခသည်နှင့် ကား၊ ဆိုင်ကယ် အလွန်များပြားသောကြောင့် လောက်ကိုင်မှ ချင်းရွှေဟော် လမ်းတစ်လျှောက် လမ်းပိတ်ဆို့ခဲ့ကြောင်း ဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ လောင်ကိုင်မြို့မှ ထွက်ခွာလာသူ သုံးသောင်းကျော်မှာ လားရှိုးနှင့် ‘ဝ’ ပြည် နမ့်တစ် မြို့များသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း ကိုးကန့်မီဒီယာက ဖော်ပြသည်။






ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်းများ၊ တောင်ကုန်းများကို သိမ်းယူနိုင်ခဲ့ပြီဖြစ်သဖြင့် စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်နေပြီဖြစ်ကြောင်း MNDAA က နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လောက်ကိုင်တွင် ရှိသည့် တရုတ်နိုင်ငံသားများနှင့် ဒေသခံများ လောင်ကိုင်မြို့က ထွက်ခွာသွားကြရန် နိုဝင်ဘာလ ၁၈ရက် အသိပေးထားသည်။
ယင်းနောက် နိုဝင်ဘာလ ၂၆ ရက်တွင် MNDAA က လမ်းဖွင့်ပေးရာ လောက်ကိုင်ဒေသခံများ၊ လောင်ကိုင်သို့ မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်လုပ်ကိုင်သူများ လောင်ကိုင်မြို့တွင်းက ထွက်ခွာလာကြခြင်းဖြစ်သည်။
လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ ချက်ချင်းထွက်ခွာသွားကြရန်လည်း တရုတ်သံရုံးက ကြေညာထားသေးသည်။