BREAKING
October 19, 2024

မဲဆောက်တွင် ကမ္ဘာ့ဖလားဘောလုံးပွဲ လောင်းကစားလုပ်သည်ဟုဆိုကာ မြန်မာနှစ်ဦး ဖမ်းဆီးခံရ

November 29, 2022

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကမ္ဘာ့ဖလားဘောလုံးပွဲရလဒ်ကို အွန်လိုင်းလောင်းကစားပြုလုပ်နေသည်ဟု စွပ်စွဲကာ မြန်မာလူငယ်နှစ်ဦးကို ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းက မဲဆောက်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

တာခ့်ခရိုင် မဲဆောက်မြို့ ဘိုဝ်ခုန်လမ်းရှိ ဝနပလာဇာဈေးတွင် မြန်မာအများစုသည် ကမ္ဘာ့ဖလားဘောလုံးပွဲရလဒ်များ ကို လောင်းကစားပြုလုပ်နေသည်ဟု သတင်းရရှိသဖြင့် မဲဆောက် အာဏာပိုင်များက သွားရောက်စစ်ဆေးရာတွင် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဈေးအနီးအနားက အခန်းများကိုပါ စစ်ဆေးစဉ်တွင် အသက် ၂၆နှစ်အရွယ် မောင်မျိုးမင်းဦးအမည်ရှိ မြန်မာလူငယ်တစ်ဦးကို ငှားရမ်းထားသည့် အခန်းအတွင်း ဖမ်းဆီးရမိကြောင်း သတင်းများတွင် ဖော်ပြသည်။

အခန်းအတွင်း၌ ဖုန်းနှစ်လုံးတွေ့ရှိပြီး ဖုန်းအတွင်းရှိ ၂၀၂၂ ကမ္ဘာ့ဖလားပွဲရလဒ်များကို ခန့်မှန်းထားသော ပုံများကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အနီးရှိ အခန်းကို ထပ်မံစစ်ဆေးရာတွင် အသက် ၂၈ နှစ်အရွယ် မောင်ကျော်မိုး အမည်ရှိသူ မြန်မာ အလုပ်သမား တစ်ဦး ထပ်မံဖမ်းမိပြီး ၎င်း၏ ဖုန်းနှင့် ခန့်မှန်းရလဒ်များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား နှစ်ဦးစလုံးကို ထိုင်းနိုင်ငံ လောင်းကစား ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတွင် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။

တရားမဝင် အွန်လိုင်းလောင်းကစားမှုဖြင့် အရေးယူခံရသူများသည် ဥပဒေအရ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဘတ် ၂၀၀၀ ထက်မပိုသော ငွေဒဏ်တို့ ကျခံရနိုင်ကြောင်း မဲဆောက်ရဲစခန်း၏ ပြောကြားချက်ကို CH 7 NEW HD မှ ရေးသားထားသည်။

Ref: CH 7 New HD, Matichon Online, 77 kaoded