BREAKING
January 10, 2025

ပေါင်မြို့နယ်တွင် ရေလုပ်သား ၅၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်

October 29, 2024

ပုံစာ - ကျိုက္ခမီမြို့တွင် ကျန်းမာရေးဝန်ထမ်းများက ဝမ်းပျက်ဝမ်းလျှော ကြိုတင်ကာကွယ် အသိပညာပေးဗီနိုင်းများ ပြီးခဲ့သည့် စက်တင်ဘာလက လိုက်ကပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကျန်းမာရေးဌာန

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာက ရေလုပ်သား ၅၀ ဦးထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။

ပေါင်မြို့နယ်အတွင်း အောက်တိုဘာလ တတိယအပတ်ကစပြီး ပင်လယ်ပြင်ထွက် ရေလုပ်သားအချို့ ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကူးစက်ဖြစ်ပွားသူ ၅၀ ဦးထက်မနည်း ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

“အသက်သေဆုံးတဲ့အထိတော့ မရှိသေးဘူး။ ဆေးရုံတက် ကုသနေရတော့ ရှိတယ်။ အဓိက ရေလုပ်သားတွေဖြစ်ကြတာ။ ရေလုပ်သားတွေကနေ ရပ်ရွာတွေမှာ ပြန့်မသွားအောင်တော့ ပညာပေးတွေလုပ်နေတာတော့ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောက အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်တော့ ပေါ့ဆလို့မရဘူး” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများအနက် အချို့မှာ အလှပ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသလို အချို့ကလည်း ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနထံမှ သိရသည်။

ယင်းအပြင် ရောဂါပြင်းထန်သည့် လူနာအချို့ကိုလည်း မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး စောင့်ကြပ်ဆေးကုသပေးနေကြောင်း အထက်ပါဌာနထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီပြင်လယ်က ရေလုပ်သားရာနှင့်ချီ ဝမ်းပျက် ဝမ်းလျှောဖြစ်ပြီး ရေလုပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံနှင့် ဒေသတွင်းရှိ ကျန်းမာရေးဝန်ထမ်းတို့က ပြောသည်။

အလားတူ ရေးမြို့နယ်၊ အစင်ကျေးရွာက ရေလုပ်သားများလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဝမ်းပျက်ဝမ်းလျှော ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် ဒေသက ရေလုပ်သားများ အပါအဝင် မြို့ခံပြည်သူများကို စစ်ကောင်စီကျန်းမာရေးဌာနက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကြိုတင်ကာကွယ်ဆေး လိုက်လံတိုက်ကျွေးနေကြောင်း ဒေသခံနှင့် ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် နေရာဒေသက ရေတွင်း၊ ရေကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည့်နေအိမ်၊ ရပ်ကွက်များကို ဆေးဖြန်းခြင်းအပြင် ကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်း လိုက်ကပ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။