BREAKING
January 10, 2025

ဥတ္တူရွာတွင် စစ်ကောင်စီတပ် အရပ်သားများကိုဖမ်းဆီးပြီး နေအိမ်သုံးလုံးမီးရှို့

October 29, 2024

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အရပ်သားများကို ဖမ်းဆီးပြီး နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးထားကြောင်း ဥတ္တူနှင့် သရက်နှစ်ခွရွာတို့က ဒေသခံအချို့က ပြောသည်။

အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဥတ္တူရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် ဥတ္တူရွာထဲကို စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကြောင်းထိုးလာချိန် ဥတ္တူရွာတွင် ကထိန်ခင်းအလှူလုပ်နေသည့်အချိန်ဖြစ်ပြီး အလှူတွင် ထမင်းချက်သည့် အိုးသူကြီး အမျိုးသမီးများအပြင် လူငယ်အမျိုးသားများနှင့် အမျိုးသမီးများကို ဖမ်းဆီးထားကြောင်း ဥတ္တူရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“မီးလောင်တာ မနေ့က သုံးအိမ်၊ ဒီနေ့လည်း ရှို့နေတယ်ကြားတယ်ရှင့်။ စစ်ကြောင်းက ညီမသိတာ နှစ်ကြောင်း။ ဖမ်းခံရတာ များတယ်။ ရွာမှာ အလှူနေ့ဆိုတော့ (အဖမ်းခံရတာ) လူငယ်ပိုင်းကို ညီမသိတာ ၁၀ လောက်ရှိတယ်။ အလှူထမင်းချက်တဲ့ မိန်းမကြီးတွေလည်း ပါတယ်၊ အလှူပျက်သွားတယ်” ဟု ၎င်းက ပြောသည်။

အလှူကိုလာသည့် အခြားရွာက ရဟန်းတစ်ပါးလည်း ဖမ်းဆီးခံခဲ့ရပြီး ယနေ့ အောက်တိုဘာလ ၂၉ရက် နေ့လယ်ပိုင်းတွင်မူ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု ကြားသိရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဥတ္တူရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူ လူဦးရေ၊ ပြန်လွတ်လာသည့် ဦးရေနှင့် နေအိမ်မီးရှို့ခံရသည့် အရေအတွက်တို့ကို Dawei Watch ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၂၅ ရက်တည်းက သရက်ချောင်းမြို့ဘက်မှ သရက်နှစ်ခွရွာလယ်ကျောင်းနှင့် နေအိမ်များတွင် ရောက်ရှိတပ်စွဲထားခြင်းဖြစ်ကြောင်း သရက်နှစ်ခွရွာဒေသခံအချို့က ပြောသည်။

ယင်းသို့တပ်စွဲထားချိန် ရွာတောင်ပိုင်းရှိ အေးချမ်းမြိုင်ကျောင်းဘက်ကို လက်နက်ကြီးနှစ်ကြိမ် ပစ်ခတ်ခဲ့ရာသဖြင့် ဓမ္မာရုံ အဆောက်အအုံတွင် ထိမှန်သဖြင့် အမိုးအကာထိခိုက်ပျက်စီးခဲ့ကြောင်း ရွာခံလူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းနေ့ မနက်ပိုင်းက အေးချမ်းမြိုင်ကျောင်းတွင် ကထိန်ခင်းအလှူလုပ်နေပြီး ပစ်ခတ်မှုဖြစ်ချိန်တွင် အလှူပြီးချိန်ဖြစ်၍ ပြန်သွားကြပြီဖြစ်သဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ဥတ္တူရွာနှင့် သရက်နှစ်ခွရွာတွင် တပ်စွဲထားကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်သည် သရက်နှစ်ခွရွာတွင် လူနေအိမ်များတွင် ဝင်ရောက်နေထိုင်နေပြီး ဥတ္တူနှင့် သရက်နှစ်ခွရွာအဝင် အရှေ့ပိုင်းလမ်းတစ်လျှောက်တွင်လည်း ကင်းပုန်းချထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

“ရွာထဲက အိမ်တွေက ဒေသခံတွေကိုပြောတယ်တဲ့။ ငါတို့ကို မပစ်ရင် ဘာမှမဖြစ်ဘူး၊ ငါတို့ကို PDF တွေလာပစ်ရင် တစ်ရွာလုံး ရွာထဲမှာ နေလို့မရအောင် လုပ်မယ်ဆိုတာမျိုး ပြောတယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် သရက်နှစ်ခွရွာလယ်ရှိ မူလတန်းကျောင်းဘေးက နေအိမ်များနှင့် ရွာသားများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။