BREAKING
January 10, 2025

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း၏ စံအိမ် တော်လှန်ရေး ပြတိုက်အဖြစ် ပြောင်းမည်

October 29, 2024

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ နေထိုင်ခဲ့သည့် စံအိမ်ကို ၎င်းအား ဖြုတ်ချနိုင်ခဲ့သည့် တော်လှန်ရေးအထိမ်းအမှတ် ပြတိုက်အဖြစ် ပြောင်းလဲပြသသွားတော့မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအိမ်စောင့်အစိုးရကို ဦးဆောင်လျက်ရှိသည့် နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က တနင်္လာနေ့၌ ဂါနာဘဟာဘန်စံအိမ်သို့ သွားရောက်လည်ပတ်စဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူမရဲ့ လွဲမှားတဲ့ အုပ်ချုပ်မှုနဲ့ သူမကို ဖြုတ်ချလိုက်တဲ့အချိန်က လူထုရဲ့ ဒေါသကို ဖော်ပြတဲ့ အမှတ်တရတွေကို ပြတိုက်မှာ ထိန်းသိမ်းပြသသွားမယ်” ဟု ယူနွတ်က ပြောသည်။

နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်လာခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကြီးကြောင့် ယခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ထိုနေ့မှာပင် ရဟတ်ယာဉ်ဖြင့် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့သည်။ သူမ၏ ရာထူးသက်တမ်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူအများအပြားကို ဖမ်းဆီးအကျဉ်းချမှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများဖြင့် စွန်းထင်းလျက်ရှိသည်။

ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက သူမအား ဖမ်းဝရမ်းအမိန့်ထုတ်ခဲ့သည်။

ဟာဆီနာမပြုတ်ကျမီ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရသည်။

အများစုမှာ ရဲတပ်ဖွဲ့၏ ရက်စက်စွာ ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံအတွင်းမှ သူမ ထွက်ပြေးသွားသည့်အချိန်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက သူမ နေထိုင်ရာ ဘာနာဘဟာဘန်စံအိမ်ထဲသို့ စီးနင်းဝင်ရောက်ခဲ့ကြသည်။

ယင်းစံအိမ်ကို လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရက“ဖိနှိပ်မှုသင်္ကေတ”ဟု ဖော်ပြခဲ့ဖူးသည်။

ဘနာဘဟာဟန်စံအိမ်သည် လက်ရှိအချိန်တွင် ထိခိုက်ပျက်စီးလျက်ရှိပြီး ရှိတ်ဟာဆီနာအစိုးရကို ဆန့်ကျင်ရေးဆွဲထားသည့် ဂရပ်ဖစ်တီများဖြင့် စွန်းထင်းလျက်ရှိသည်။ ပြတိုက်အဖြစ် ပြုပြင်ပြသသွားမည့် ယင်းစံအိမ်တွင် ရှိတ်ဟာဆီနာလက်ထက်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အိုင်နာဂါထိန်းသိမ်းရေးစခန်း၏ ပုံစံတူကိုလည်း ထည့်သွင်းပြသသွားမည် ဖြစ်သည်။

“အိုင်နာဂါထိန်သိမ်းရေးစခန်းမှာ တိတ်တဆိတ်အကျဉ်းချခံရသူတွေ ခံစားခဲ့ရတဲ့ နှိပ်စက်မှုတွေအကြောင်း ပြန်မြင်ယောင်လာစေလာမှာပါ” ဟု ယူနွတ်က ဆိုသည်။

မကြာသေးခင်က လူထုအုံကြွမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတလွှား မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ရာ ဟာဆီနာ၏ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘာရာမန်၏ နေအိမ်ပြတိုက်ထဲ ဝင်ရောက်လုယက်မှုများလည်း ဖြစ်ပွားခဲ့သည်။ ရှိတ်မူဂျီဘာရာမန်သည် ပါကစ္စတန်လက်အောက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးတိုက်ပွဲခေါင်းဆောင်ဖြစ်ပြီး နိုင်ငံ၏ ပထမဆုံးသမ္မတလည်း ဖြစ်သည်။

ပြတိုက်တည်ဆောက်မှုကို ဒီဇင်ဘာလတွင် စတင်မည်ဟု ခန့်မှန်းထားကြောင်း အစိုးရ ပြန်ကြားရေးအရာရှိတစ်ဦးက ပြောသည်။

“ပြတိုက်တည်ဆောက်ရေးလုပ်ငန်းက အခုထိ မစရသေးပါဘူး။ ဒါပေမယ့် မကြာခင် စတော့မှာပါ” ဟု ၎င်းက AFP က သတင်းဌာနကို ဖြေကြားခဲ့သည်။

အသက် ၇၇ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာသည် အိန္ဒိယကို ထွက်ပြေးသွားပြီးကတည်းက လူမြင်ကွင်းတွင် မတွေ့ရတော့ပေ။ သူမအား နောက်ဆုံးတွေ့ရှိခဲ့ရသည့် တည်နေရာဟု အများက သိထားကြသည်မှာ နယူးဒေလီမြို့အနီးမှ စစ်လေတပ်စခန်းတစ်ခုသာ ဖြစ်သည်။

Ref: The Times of India