BREAKING
January 10, 2025

မောင်မယ်ရှောင်ရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်၊ ထားဝယ်-ရေဖြူလမ်းပိုင်းတွင် ကားများပိတ်မိ

October 29, 2024

ထားဝယ်မြို့၊ မောင်မယ်ရှောင်ရွာအနီး ယနေ့ နံနက်ပိုင်းက နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်-ရေဖြူ လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ပိတ်သဖြင့် ခရီးသွားပြည်သူများ၊ ကားများ လေးနာရီကျော်ကြာ ပိတ်မိကြောင်း ခရီးသွားဒေသခံများက ပြောသည်။

မောင်မယ်ရှောင်ရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ယနေ့ အောက်တိုဘာလ ၂၉ရက် နံနက် ၆နာရီမှစတင်ကာ တစ်နာရီကျော်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်မြို့ အဝင်အထွက်ဂိတ်ဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်က နံနက် ၈နာရီခန့်မှ စတင်ကာ အထက်ပါလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ကြောင်း ခရီးသွားဒေသခံများက ပြောဆိုသည်။

အိမ်ရှေ့ပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ကားတန်းရှည် ပိတ်မိခဲ့ပြီး လှည့်ပြန်သွားသည့် ကားများလည်းရှိကြောင်း ခရီးသွားဒေသခံတစ်ဦးကပြောသည်။

ရေဖြူဘက်မှ ထားဝယ်သို့သွားသည့် ခရီးသွားပြည်သူများသည်လည်း ဇီးကျရွာဘက်မှ ပြန်လည့်လာခဲ့ကြကြောင်း ရေဖြူမြို့ဒေသခံများက ဆိုသည်။

ယနေ့ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ထားဝယ်ဘက်မှ ရေဖြူဘက်သွားသည့် ခရီးသွားပြည်သူများကို စတင်ဖြတ်သန်းခွင့်ပြုနေ ကြောင်း မြိုခံများထံမှသိရသည်။

ယင်းသို့ ဖြတ်သန်းခွင့်ပြုသော်လည်း စစ်ဆေးတင်းကျပ်နေသဖြင့် ကားအနည်းငယ်စီသာ ဖြတ်သန်းသွားလာခွင့်ရနေသေးကြောင်း ၎င်းတို့က ပြောဆိုသည်။