BREAKING
January 10, 2025

ပုလောတွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သားနှစ်ဦးကို ပစ်သတ်

October 29, 2024

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သင်္ကန်းတောကျေးရွာသို့ရောက်လာပြီး‌ အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သင်္ကန်းတော‌ရွာနေ အသက်၃၀ ဝန်းကျင်အရွယ်အမျိုးသားနှင့် ကဒဲရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ခေါ် ကိုကပ်ပကို အောက်တိုဘာလ ၂၆ ရက်နေ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

သင်္ကန်းတောရွာနေ အမျိုးသားကို လမ်းတွင်တွေ့သဖြင့် ပစ်သတ်သွားခြင်းဖြစ်ပြီး ဦးမြင့်လွင်ကိုမူ သင်္ကန်းတောရွာရှိ ကွမ်းရွက်ခြံအတွင်း ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဦးမြင့်လွင်မှာ စစ်ဘေးရှောင်နေရာမှ ရွာအတွင်းဝင်ကာ ကွမ်းရွက်သွားခူးချိန် စစ်ကောင်စီတပ်သားများနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါနေရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းရှိနေသေးသည့်အတွက် လက်ရှိအချိန်အထိ အလောင်းသွားယူ၍မရသေးကြောင်း ပစ်သတ်ခံရသည့် ဦးမြင့်လွင်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

“အလောင်းက သင်္ကန်းတောရွာထဲက ကွမ်းခြံထဲမှာ။ စစ်သားတွေရှိ‌နေလို့ သွားယူလို့မရဘူး။ အသတ်ခံရတာတော့ သေချာတယ်”ဟု ၎င်းက ပြောသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ကဒဲကိုရောက်နေပြီဖြစ်ပြီး အရပ်သားနှစ်ဦး အသတ်ခံရသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် တန်းရှင်း၊သင်္ကန်းတော၊ ကဒဲ စသည့်ကျေးရွာများက ဒေသခံအများအပြားမှာ နီးစပ်ရာ ထွက်ပြေးတမ်းရှောင် နေရသည်။

ယခင်ကလည်း ထိုကျေးရွာများနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့်အတွက် ရွာလုံးကျွတ်နီးပါး တိမ်း‌ရှောင်နေကြပြီး မကြာသေးမီကမှ ပြန်ရောက်လာကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ထပ်ဖြစ်လာသည့်အတွက် ဒေသခံများ ထပ်မံထွက်ပြေးနေကြရခြင်းဖြစ်သည်။

အဆိုပါရွာများမှာ ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိသည်။