BREAKING
October 18, 2024

စစ်မှုထမ်းမည့်သူခေါ်မရ၍ အကြံကုန်ထုတ်သုံးလာသည့် စစ်ကောင်စီ

September 29, 2024

စစ်မှုမထမ်းမ‌နေရဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စတင်အသက်သွင်းလိုက်ပြီး ဧပြီလတွင် အဓမ္မစစ်မှုထမ်း စုဆောင်းမှုများ စတင်လုပ်ဆောင်ခဲ့သည်။

ငါးလအကြာတွင်တော့ စစ်မှုထမ်းမည့်သူ ရှာမရတော့။ လူထုတစ်ရပ်လုံး၏ မုန်းတီးမှု၊ အယုံအကြည်မဲ့မှုများကြောင့် လူငယ်များက စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းလို၍ ရသည့်နည်းဖြင့် တိမ်းရှောင်ကုန်ကြသည်။

ယခင်က ဒေသအချို့တွင် ရပ်ကွက်နေလူထုနှင့် ညှိနှိုင်းကာ စစ်မှုထမ်းမည့်သူပေးရန်နှင့် စစ်မှုထမ်းသွားမည့်သူ၏ မိသားစုကို ကျန်သူများက ဝိုင်းဝန်းထောက်ပံ့ရန် လုပ်ဆောင်ခဲ့သည်။

စစ်မှုထမ်းအပတ်စဉ် ၃ ခန့်အရောက်တွင် ချော့၍လည်း ခေါ်မရ၊ ခြောက်၍လည်း ခေါ်မရတော့ဘဲ စစ်မှုထမ်းမည့်သူ မရှိတော့သည့်အဖြစ်ကို ကြုံနေရသည်။

နောက်ဆုံးတွင်တော့ အကြံကုန် ဂဠုန်ဆားချက် ဆိုသကဲ့သို့ စစ်ကောင်စီကလည်း ဆားချက်ရန်ကြံလာသည်။

ခရီးသွားလူငယ်များ၊ ပြည်ပသို့ တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်သည့် လူငယ်များ၊ ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လွှဲပေးသည့် လူငယ်များ စသဖြင့် ရသည့် လမ်းကြောင်းမျိုးစုံကိုသုံးပြီး အဓမ္မစစ်သားစုဆောင်းခဲ့ကြသည်။

ယင်းနည်းလမ်းများမှာလည်း ကာလတိုတစ်ခုသာ အဆင်ပြေပြီး ကြာရှည်အလုပ်မဖြစ်နိုင်သည့် အခြေအနေကြောင့် နောက်တစ်နည်း ထပ်ကြံလာပြန်သည်။

ရပ်ထဲရွာထဲရှိ လူငယ်များကို သတင်းပေးများမှတစ်ဆင့် စောင့်ကြည့်ကာ ဆင့်ခေါ်စာ ပေးပို့သည့် နည်းလမ်းဖြစ်သည်။

ယခုအောက်တိုဘာ ၁ရက်နေ့တွင် စတင်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ချိန်တွင်လည်း လူငယ်များစာရင်းကို သိရှိဦးမည်ဖြစ်ရာ ဆင့်ခေါ်စာနည်းလမ်းကို စစ်ကောင်စီက သုံးရန်ကြံလာခြင်းဖြစ်နိုင်သည်။

တနင်္သာရီတိုင်းအတွင်းရှိ ရပ်ကွက်အချို့တွင် လူငယ်တွေစောင့်ကြည်ကာ စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် လုပ်ဆောင်လာကြောင်း Dawei Watch က စုံစမ်းသိရှိခဲ့သည်။

ရေဖြူမြို့ ၊ (ခ) ရပ်ကွက်တွင် စက်တင်ဘာလ ၂၅ရက် ရက်စွဲဖြင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် စာရွက်နှစ်ရွက်စီ အသက် ၂၅ နှစ်နှင့် ၃ဝနှစ် ဝန်းကျင်အကြားရှိ လူငယ် ၁၆ဦး၏ နေအိမ်အသီးသီးသို့ ရောက်ရှိလာကြောင်း ကာယကံရှင်များနှင့် မြို့ခံများထံက သိရသည်။

ယင်းစာရွက်နှစ်ချပ်ကို ရေဖြူမြို့ ၊ ထွေအုပ်ရုံးမှ စာရေးတစ်ဦးနှင့် မြို့မရဲစခန်းက ရဲတစ်ဦးတို့က လူငယ်များ၏ နေအိမ်ထံသို့ လိုက်ပေးခဲ့ခြင်းဖြစ်သည်။

ရေဖြူမြို့ကို (က) ၊ (ခ) ၊ (ဂ) နှင့် (ဃ) ဟူ၍ ရပ်ကွက်လေးခုဖြင့် ဖွဲ့စည်းထားပြီး ယင်းအနက် (ခ) ရပ်ကွက်တစ်ခုတည်းသာ ယခုကဲ့သို့ ဆင့်ခေါ်စာပေးခံရကြောင်း မြို့များက ဆိုသည်။

အဆိုပါစာရွက်နှစ်ချပ်မှာ စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် စာရင်းသွင်းရန် မှတ်ပုံတင်လက်မှတ် (ပုံစံ ၅) နှင့် ဆေးစစ်ရန် ဆင့်ခေါ်စာ (ပုံစံ ၆) တို့ဖြစ်ကြောင်း Dawei Watch က ရရှိထားသည့် ယင်းစာရွက်နှစ်ချပ်၏ မှတ်တမ်း ဓာတ်ပုံတွင်တွေ့ရသည်။

ယင်းစာနှစ်ချပ်မတိုင်မီ (ပုံစံ ၂) နှင့် (ပုံစံ ၃) ဟူ၍ မှတ်ပုံတင်ရန်ဆင့်ခေါ်စာနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရန် ဆင့်ခေါ်စာ နှစ်ချပ်လည်း လက်ခံရရှိဖူးကြောင်း အမည်မဖော်လိုသည့် ကာယကံရှင်အမျိုးသားတစ်ဦးက ပြောသည်။

“စာက ရပ်ကွက်ထဲမှာ ဘယ်သူတွေရှိနေသေးလဲလို့ စောင့်ကြည့်ပြီးလာပို့တဲ့ ပုံစံဖြစ်နေတယ်။ အရွယ်ရောက်ပေမယ့် နိုင်ငံခြားရောက်နေသူတွေဆို မပါဘူး။ ပြီးတော့ ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်လဲတော့မသိဘူး။ ခေါ်ချင်သလိုခေါ်တဲ့ပုံစံ ဖြစ်နေတယ်” ဟု ၎င်းက ပြောပြသည်။

ရောက်ရှိလာသည့် စာနှစ်ရွက်အနက် (ပုံစံ ၆) ဟု ဖော်ပြထားသည့် စာရွက်၌ စက်တင်ဘာလ ၂၇ ရက်တွင် ထားဝယ်မြို့ရှိ စစ်တပ်ဆေးရုံသို့ စစ်ဆေးဘုတ်အဖွဲ့၏ ဆေးစစ်မှုခံရန်အတွက် သတင်းပို့ရန် ဆင့်ခေါ်ထားသော်လည်း စာပို့ခံရသူအားလုံး မသွားရောက်ဘဲ ယာယီတိမ်းရှောင်းလိုက်ကြကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများကပြောသည်။

စစ်မှုထမ်းဥပဒေကြေညာပြီးနောက် အပတ်စဉ် ၁ အတွက် (ခ) ရပ်ကွက်မှ အမျိုးသားတစ်ဦး စာရင်းပေး၍ လိုက်ပါသွားပြီး ရပ်ကွက်မှ ထောက်ပံ့ငွေစီစဉ်ပေးလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ စစ်မှုထမ်းလိုက်ရန် လူမရှာပေးသဖြင့် နေအိမ်များသို့ ထွေအုပ်က တိုက်ရိုက်စာပို့ခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။

“ခ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်အကြားမှာ လစ်ဟာမှုရှိတယ်။ လူရှာမရ‌တော့ လူငယ်ရှိတဲ့အိမ်အချို့‌ကို တိုက်ရိုက် ဆင့်ခေါ်စာပို့လိုက်တယ်။ အခြား ရပ်ကွက်သုံးခုမှာ အဲဒီလိုမရှိဘူး။ ဒါပေမဲ့ ပိုက်ဆံကတော့ ထည့်ပေးနေရတယ်” ဟု ရေဖြူမြို့က အသက် ၄ဝ ဝန်းကျင်အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီလနောက်ပိုင်းကတည်းက ရေဖြူမြို့ရှိ (ဂ) ရပ်ကွက်တွင် စစ်မှုထမ်းလိုက်သွားသူအတွက် ကျပ်နှစ်သောင်းခွဲ နှစ်ကြိမ် ထည့်ဝင်ထားရပြီး (က) ရပ်ကွက်တွင်လည်း တစ်ကြိမ်ထည့်ဝင်ထားရကြောင်း ရပ်ကွက်နေသူများထံက သိရသည်။

ယခု ရေဖြူမြို့တွင် ပေးပို့ခံရသည့် စာရွက်နှစ်ချပ်နှင့်ပတ်သက်၍ ဇွန်လနှင့် ဇူလိုင်လက ဆင့်ခေါ်စာပေးပို့ခံရသည့် ထားဝယ်မြို့ခံနှစ်ဦးအား မေးမြန်ရာတွင် စာပုံစံမတူကြောင်း ရှင်းပြသည်။

“ကျွန်တော်တို့ ပေးခံရတုန်းက အမည်၊ လိပ်စာနဲ့တကွလာတယ်။ ပြီးတော့စုပေါင်းရုံးကို လာဖို့ပဲ ရေးထားတယ်။ အခုစာလို့ ဆေးစစ်ဖို့ ခေါ်တာတွေ မပါဘူး” ဟု ဇွန်လက စာပို့ခံရသည့် ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဘက်ခြမ်းတွင်မူ ဧပြီလကတည်းကစ၍ စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ ထူးထူးခြားခြား ထပ်မံကြားရခြင်းမရှိကြောင်း ၎င်းဒေသခံတို့က ဆိုသည်။

ကံပေါက်တိုက်နယ်ဘက်ရှိ ကျေးရွာများ၌မူ ပြီးခဲ့သည့် နှစ်လခန့်က စစ်မှုထမ်းရန်အသက်အရွယ် ကျော်လွန်ပြီးသူများထံ ဆင့်ခေါ်စာရောက်လာ၍ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ငွေပေး၍ ဖြေရှင်းခဲ့ရသေးကြောင်း ဖြစ်စဉ်အားသိရှိသူများက ပြောပြသည်။

စစ်ကောင်စီ ပြန်ကြားရေးဌာန Website တွင်မူ စစ်မှုထမ်းဆင့်ခေါ်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပုံစံ ၆ ခု အကြောင်း စက်တင်ဘာလ ၄ ရက်တွင်ဖော်ပြထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အရွယ်ရောက်သူစာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်စာရင်းသွင်းရန်ဆင့်ခေါ်ခြင်း၊ ကိုယ်ရေး အချက်အလက်ဖြည့်ခြင်း (ကိုယ်စားဖြည့်ခြင်း) ၊ စာရင်းရေးသွင်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ဆေးစစ်ခြင်း ဟူ၍ ပုံစံ ၆ ခု ရှိကြောင်း ဖော်ပြထားသည်။

သို့သော် မြေပြင်တွင်မူ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ၊ စစ်မှုထမ်းဆင့်ခေါ်သည့်အဖွဲ့များက ယင်းလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ခြင်းလည်း မရှိသလို နည်းဥပဒေအနေဖြင့်လည်း ထုတ်ပြန်ကြေညာခြင်း ယနေ့အထိမတွေ့ရသေးပေ။

စစ်မှုထမ်း ဥပဒေ အသက်သွင်းလိုက်ပြီးနောက် အသက်အရွယ်အားဖြင့် အကျုံးဝင်သူများ အလုံးအရင်းဖြင့် နေရပ်စွန့်ခွာ၍ ပြည်ပထွက်ခွာမှုများရှိခဲ့ပြီး ယခုအနည်းငယ်ပြန်ကျလာချိန်တွင် စစ်ကောင်စီက နောက်တစ်ဆင့်တက် လုပ်ဆောင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီက ထိုင်းရောက် မြန်မာလူငယ်များကို ပစ်မှတ်ထားလုပ်ဆောင်လာမှုများလည်း ရှိနေပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် ကန့်သတ်မှုများစွာလုပ်လာရန် ရှိနေသေးကြောင်း သတင်းများထွက်နေသည်။

လက်ရှိတွင် ထိုင်းတွင် ရက်တိုသင်တန်းများဖြင့် ဗီဇာရယူနေထိုင်သူများကို နိုင်ငံကူးလက်မှတ် သက်တမ်း မတိုးပေးတော့ကြောင်း ထုတ်ပြန်ထားသည်။

စစ်မှုထမ်းမည့်သူ နည်းပါးလာမှုကို ဖြေရှင်းရန် စစ်ကောင်စီက နည်းမျိုးစုံလုပ်ဆောင်လာမှုတွင် သန်းခေါင်စာရင်း ကောက်မည့်အစီအစဉ်ကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

အောက်တိုဘာလ ၁ ရက်မှစပြီး ၁၅ ရက်နေ့အထိကို တစ်အိမ်တက်၊ တစ်အိမ်ဆင်းပုံစံဖြင့်ဖြစ်စေ၊ စုရပ်သတ်မှတ်ပြီးဖြစ်‌စေ သန်းခေါင်စာရင်းကောက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ယင်းကြောင့် ပြည်သူလူထုမှာ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်ကို စိုးရိမ်နေကြသည်။

“အခုလောလောဆယ်ကတော့ အားလုံးရှောင်လာလိုက်ပြီ။ အခြေအနေကြည့်နေတယ်။ ဘယ်လို ဆက်လုပ်ကြမလဲပေါ့။ အဆုံးအစွန်အထိ တွေးထား‌တာကတော့ အိမ်မပြန်ဘဲ လုံးဝရှောင်လိုက်ရမယ့် အခြေအနေအထိလည်း စဉ်းစားထားတယ်” ဟု ရေဖြူမြို့ခံ စာပို့ခံရသည့် လူငယ်တစ်ဦးက ပြောဆိုသည်။