BREAKING
January 12, 2025

ထားဝယ်တွင် သန်းခေါင်စာရင်းဖြည့်ရန် စာရွက်များ အိမ်အရောက်လိုက်ဝေ

September 29, 2024

သန်းခေါင်စာရင်းဖြည့်ရမည့် စာရွက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အိမ်အထိ လိုက်လံဝေငှနေကြောင်း ထားဝယ်မြို့ခံအချို့က ပြောသည်။

သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဟု ကြေညာထားသော်လည်း ယင်းစာရွက်များကို စက်တင်ဘာလ နောက်ဆုံးအပတ်ကတည်းက လိုက်လံဝေငှနေခြင်းဖြစ်သည်။

သန်းခေါင်စာရင်းစာရွက်များကို အချို့အုပ်ချုပ်ရေးမှူးများက အိမ်အထိလိုက်ဝေသော်လည်း အချို့ကမူ ရပ်ကွက်ရုံးတွင်လာယူရန် ဖုန်းဆက်ခေါ်ထားကြောင်း ဆိုသည်။

“ကျွန်မတို့အိမ်မှာတော့ အသက်ကြီးပိုင်းတစ်ယောက် လာပြီးပေးသွားတယ်။ တစ်ခြားမှာ( အခြားရပ်ကွက်မှာ) တော့ ရပ်ကွက်ရုံးမှာသွားယူရတယ်တဲ့” ဟု ထားဝယ်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကဆိုသည်။

ဖြည့်ရမည့် သန်းခေါင်စာရင်းတွင် လူဦးရေနှင့်သက်ဆိုင်သည့် အချက် ၁၁ ချက်၊ ပြည်တွင်းရွေ့ပြောင်းမှုနှင့်ဆိုင်သည့် အချက် ၆ ချက်၊ ပညာရေး ၆ ချက်၊ လုပ်သားအင်အား ၇ ချက်၊ မွေးဖွားခြင်းအကြောင်း ၉ ချက်၊ မသန်စွမ်းအကြောင်း ၁ ချက်၊ ပြည်ပ ရွှေ့ပြောင်းမှုအကြောင်း ၈ ချက်၊ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးခြင်းအကြောင်း ၇ ချက်၊ အိမ်အကြောင်းအရာ ၁၃ ချက် စုစုပေါင်း ဖြည့်သွင်းရမည့် အချက်အလက်ပေါင်း ၇၇ ခုပါဝင်သည်။

မြို့ခံအချို့ကမူ သန်းခေါင်စာရင်းဟု အကြောင်းပြကာ စစ်မှုထမ်းမည့် လူဦးရေစာရင်း ကောက်ခံခြင်းဖြစ်နိုင်သဖြင့် စိုးရိမ်လျက်ရှိကြသည်။

စစ်ကောင်စီကမူ သန်းခေါင်စာရင်းကောက်ခံခြင်းသည် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးကို အထောက်အကူဖြစ်စေကြောင်း စက်တင်ဘာလ ၂၆ ရက် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

သို့သော် နိုင်ငံတဝန်း တော်လှန်ရေးတပ်ဖွဲ့များက ဒေသတော်တော်များများကို ထိန်းချုပ်ထားသည်ဖြစ်ရာ တစ်ပြည်လုံးအတိုင်းအတာဖြင့် လူဦးရေစာရင်း တိတိကျကျရရှိရန်မှာ မဖြစ်နိုင်ပေ။

ထားဝယ်၊ သရက်ချောင်း စသည့် မြို့ပေါ် အုပ်ချုပ်ရေးမှူးအချို့မှာ သန်းခေါင်စာရင်းကို ကိုယ်တိုင်လိုက်မကောက်ဘဲ စာရွက်များကို လိုက်လံဝေငှပြီး အချက်အလက်များကို ဖြည့်သွင်းခိုင်းသည့်ပုံစံဖြင့် ကောက်ခံနေကြသည်။

အိမ်ရှင်ကိုယ်တိုင် ဖြည့်သွင်းထားသည့် စာရွက်များကို မည်သူမျှ စစ်ဆေးခြင်းမရှိဘဲ ရပ်ကွက်ရုံးသို့သွားပို့ပြီး ပြီးသွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။

“ကျွန်တော်တို့အိမ်မှာတော့ ကိုယ်နားလည်သလိုမျိုး ဖြည့်ပေးထားတယ်။ သူတို့လာယူရင်တော့ပေးလိုက်မယ်။ လာမယူရင်တော့ သွားမပေးတော့ဘူး” ဟုထားဝယ်မြို့ခံတစ်ကဆိုသည်။

သန်းခေါင်စာရင်းစာရွက်တွင် ရေသားထားသည့် အချို့အချက်အလက်များမှာ နားမလည်သည့်မေးခွန်းများပါလာကြောင်း မြို့ခံတို့ကဆိုသည်။

“နားမလည်တဲ့မေးခွန်းတွေဆို အဆင်ပြေသလိုရေးထည့်ပေးလိုက်တယ်” ဟု ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။

ယင်းကဲ့သို့သော အခြေအနေတို့ကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်တို့တွင်ပင် အချက်အလက်များ မှန်မှန်ကန်ကန်ရရှိမည်မဟုတ်ကြောင်း မြို့ခံတို့က ပြောဆိုကြသည်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT ကမူ အာဏာသိမ်းစစ်ကောင်စီတပ်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း လိုက်လံကောက်ခံသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၇ ရက်က ထုတ်ပြန်ထားသည်။

အခြားပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကလည်း သန်းခေါင်စာရင်း ကောက်ခံမည့်အပေါ် စောင့်ကြည့်လျက်ရှိဟုဆိုသည်။