BREAKING
October 16, 2024

အုန်းသီးရှား၍ ထားဝယ်နှင့်မြိတ်တွင် မုန့်လုပ်ငန်းအချို့ ရပ်နား

September 29, 2024

ထားဝယ်နှင့်မြိတ်တွင် ဩဂုတ်လကတည်းက အုန်းသီးရှားပါးပြီး ဝယ်ယူရခက်လာသဖြင့် အုန်းသီး၊အုန်းနို့ထည့်ရသည့် မုန့်လုပ်ငန်းအချို့ ရပ်နားထားရသည်ဟု မုန့်လုပ်သူများထံကသိရသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်တွင် အုန်းသီးတစ်လုံး ၆၅ဝ ကျပ်ဝန်းကျင်ပေးဝယ်ခဲ့ရပြီး ဩဂုတ်လတွင် ၁၅ဝဝ ကျပ်အထိဈေးတက်ခဲ့သည်ဟု ထားဝယ်မြို့ က အုန်းသီးခြစ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကပြောသည်။

စက်တင်ဘာလဆန်းတွင်မူ အုန်းသီးတစ်လုံးကို ကျပ်နှစ်ထောင်ကျော်မှ သုံးထောင်ဝန်းကျင်အထိ ပေးဝယ်ရပြီး ဥယျာဉ်ခြံသမားများက အုန်းသီးလာသွင်းသည့် ပမာဏလည်း နည်းသဖြင့် အုန်းသီးခြစ်လုပ်ငန်းကိုပင် ရပ်နားထားရသည်ဟု ၎င်းကဆိုသည်။

“အုန်းသီးက လာသွင်းတဲ့ပမာဏကို အရမ်းနည်းသွားတာ။ အရင်က တစ်ခေါက်လာပို့ရင် အလုံး ၅ဝဝ လာပို့တယ်။ အခုက အလုံး ၅ဝ တောင် ပြည့်တဲ့အခေါက်မှပြည့်တယ်။ လုံးဝလာမပို့တာဆိုရင် နှစ်ပတ်လောက်ရှိပြီ” ဟု ၎င်းကဆက်ပြောသည်။

ထားဝယ်မြို့က မုန့်တိုက်ပိုင်ရှင်တစ်ဦးကလည်း အုန်းသီးဝယ်ယူရခက်ပြီး ဈေးကြီးသဖြင့် အုန်းသီးဦးစားပေးထည့်ရသည့် မုန့်များကို ရပ်နားထားသည်ဟု ဆိုသည်။

ထားဝယ်မြို့ရှိ မုန့်လုပ်ငန်းနှင့် မုန့်တိုက်များသို့ ‌အဓိကအုန်းသီးတင်ပို့သည့်ဒေသများမှာ ထားဝယ်အရှေ့တော ၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ၊ သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းရွာ စသည့် ဒေသ တို့ဖြစ်သည်ဟု မုန့်လုပ်သူများထံကသိရသည်။

ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် က အုန်းသီးများကိုမူ မန္တလေးဈေးကွက်သို့ တိုက်ရိုက်တင်ပို့ကြောင်း ကံပေါက်ဒေသက အုန်းသီးလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

ယခုနှစ်နွေရာသီတွင် စံချိန်တင်ပူပြင်းမှုကြောင့် တနင်္သာရီတိုင်းတွင် အုန်းသီးအထွက်နည်းသည့်အပြင် ရန်ကုန် နှင့် မန္တလေးမှ အဝယ်ဒိုင်များက ကမ်းရိုးတန်းအုန်းသီးကို တိုက်ရိုက်ဝယ်ယူမှုများလာသဖြင့် ဒေသဈေးကွက်တွင် အုန်းသီးရှားလာခြင်းဖြစ်ကြောင်း အုန်းသီးလုပ်ငန်းလုပ်ကိုင်သူတို့ထံကသိရသည်။

“နဘုလယ်ရော ၊ အောက်သရက်ချောင်းရော နယ်တွေအထိ ကားနဲ့တိုက်ရိုက်လာဝယ်ကြတယ်။ အုန်းသီးခူးမယ့်သူပါ အဆင်သင့်ပါလာတယ် ” ဟု ရေဖြူမြို့နယ် ကအုန်းသီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။

မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင်လည်း အုန်းသီးဝယ်ယူရခက်၍ ဈေးကြီးပေးဝယ်နေရသည်ဟု ရိုးရာမုန့်လုပ်သူတို့ကဆိုသည်။

“ခေါသရပ်မုန့်(တစ်နှစ်တွင် ဝါခေါင်လပြည့်ကျော် ၃ ရက်နှင့် ၄ရက်တွင်သာ ပြုလုပ်သည့်တနင်္သာရီရိုးရာမုန့်) လုပ်တဲ့နေ့ကဆို အုန်းသီးပမာဏ တော်တော်လျှော့ထည့်ရတယ်။ ဝယ်ရလည်းခက်တယ်။ ဈေးလည်းကြီးတယ်။ မုန့်ထဲ ထည့်တဲ့အခြားပစ္စည်းတွေထက် (အုန်းသီးက) သိသိသာသာကို ဈေးတက်လာတယ်။ အုန်းသီးတစ်လုံး ၃ဝဝဝ ကျော်အထိပေးဝယ်နေရတယ် ” ဟု မြိတ်မြို့က ထိုးမုန့်နှင့် ရိုးရာမုန့်ရောင်းသူ အမျိုးသမီးတစ်ဦးကပြောသည်။

မြိတ်မြို့က အုန်းနို့ညစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း အုန်းသီးဝယ်ရခက်သဖြင့် ပြီးခဲ့သည့်ဩဂုတ်လကတည်းက လုပ်ငန်းရပ်နားထားသည်ဟု ဆိုသည်။

ထားဝယ်ဒေသတွင် အုန်းသီးခြောက် ကို ရိုးရာမုန့်များအားလုံးနီးပါးတွင် ထည့်သွင်းအသုံးပြုလေ့ရှိကာ အုန်းသီးနုကိုမူ သဘာဝအတိုင်းသောက်သုံးခြင်း နှင့် နတ်ပွဲပေးခြင်းများတွင်သုံးပြီး ယင်းအုန်းသီးနုသည် ဈေးကွက်တွင် ဝယ်ယူရလွယ်ကူသေးသည်ဟု ဒေသခံများကဆိုသည်။