မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာ ခြောက်ရွာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ် ကြာလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၁ရက်မှ ၁၈ ရက်အထိ စစ်ကောင်စီတပ်က ကြည်း၊ ရေ နှစ်ဖက် ညှပ်တိုက်ခဲ့သည့် လက္ကူးကျေးရွာအုပ်စုရှိ ကျေးရွာ ငါးရွာနှင့် မင်းထိန်ရွာတို့တွင် လျှပ်စစ်မီး ပြတ်တောက်နေခြင်း ဖြစ်သည်။
လက္ကူး ကျေးရွာ အုပ်စုတွင် လက္ကူး၊ ပြင်းဖြူ၊ မှော်ကြောင်း၊ မြဒေါင်နှင့် ပဲ့ထောင့်ရွာ တို့ ပါဝင်သည်။
“ဒီနေ့ဆို တစ်ပတ်ရှိပြီ။ ဖြတ်ထားတာလား၊ ပြတ်နေတာလား မသဲကွဲဘူး။ မီးမရလို့ ဖုန်းအားသွင်းလို့လည်းမရ၊ရွာသားတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ တခုခုဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
လက္ကူးကျေးရွာအုပ်စုတွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အပြင် ယနေ့ စက်တင်ဘာလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖုန်းလိုင်းများလည်း ခေါ်ဆိုရခက်ခဲနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“မီးလည်းမရ၊ ဖုန်းလည်းဆက်မရဖြစ်နေတယ်။ လှေတွေလည်း ထွက်မလုပ်စားရနဲ့ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု ၎င်းကပြောဆိုသည်။
ပုလောမြို့နယ်ကို ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီက ၂၄ နာရီဓာတ်အားဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။
“မင်းထိန်ရွာနားက ခမောင်းတောမှာ မီးလာနေတယ်။ မင်းထိန်နဲ့ လက္ကူးအုပ်စုသာ မလာတာ” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
မီးမလာသောကြောင့် ရွာအချို့တွင် ကိုယ်ပိုင်မီးစက်ငယ် မောင်းပြီး လျှပ်စစ်မီးမျှသုံးနေကြကြောင်း ဒေသခံအချို့က ဆိုသည်။
လျှပ်စစ်မီးပြတ်တောက်နေမှုနှင့် ပတ်သက်ပြီး ဖိုးသီးချို ပလရုံးခွဲအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားပြီး မီးလိုင်းတာဝန်ခံအား ဆက်သွယ်ရာတွင်လည်း ဖုန်းမှားနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Pho Thee Gho မီးလင်းရေး FB အကောင့်တွင်မူ စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိမီးလိုင်းပြင်ဆင်ရန်အတွက် ပုလောရှိ မီးလိုင်းအားလုံး ဖြတ်တောက်ထားမည်ဟု အသိပေးထားပြီး နောက်ထပ် တစ်စုံတစ်ရာ အသိပေး ရေးသားထားခြင်း မရှိပေ။