BREAKING
January 14, 2025

ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအနီး ပစ်ခတ်မှုဖြစ်နေ

August 29, 2024

ပုံစာ - ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အားတွေ့ရစဉ်(ပုံဟောင်း)

ထားဝယ်မြို့အထွက်ရှိ ပေါက်တိုင်းတံတားဂိတ်အနီးတွင် ယနေ့ ဩဂုတ်လ ၂၉ ရက် ညနေက လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ပေါက်တိုင်းတံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို တံတားအနီး ကျောက်ရပ်ကျေးရွာဘက်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က လာရောက်ပစ်ခတ်သည်ဟု ကနဦးကြားသိရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ကျောက်ရပ်ဘက်က လာပစ်တယ်လို့ ပြောတယ်။ ကျောက်ရပ်ကို အခုဖုန်းဆက်မေးတော့ အိမ်ထဲမှာဝပ်နေရတယ်လို့ ပြောတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။

အခြားမြို့ခံတစ်ဦးကလည်း ညနေ ၅ နာရီခန့်ကစတင်ကာ ထားဝယ်မြို့အရှေ့ဘက် ပေါက်တိုင်းတံတား ဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆူညံနေကြောင်း ဆိုသည်။

လက်ရှိတွင် ပေါက်တိုင်းတံတားဖြတ်သန်းခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားပြီး တံတားအနီးတွင် စစ်ကောင်စီတပ်ကား သုံး စီးရောက်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“ကားနဲ့ဆင်းလာတဲ့ စစ်သားတွေအကုန် ကျောက်ရပ်က ပျူစောထီးအိမ်မှာ ရောက်နေတယ်။ ၆ နာရီလောက်မှာ သေနတ်နှစ်ချက် ထပ်ဖောက်သေးတယ်။ အခုကတော့ပြန်ငြိမ်နေတယ်။ လမ်းမှာတော့ ဘယ်သူမှမရှိတော့ဘူး” ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကို ဗိုလ်အယ်ကွီးဦးဆောင်သည့် ကော်သူးလေတပ်(KTLA)၊ ဆာကဆောတပ်မဟာလက်အောက်ခံ တပ်ရင်း ၃ မှ ဗိုလ်ဒါးကေ ဦးဆောင်သည့်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ရင်း တာဝန်ရှိသူတစ်ဦးက Dawei Watch ကို ဆက်သွယ်ပြောဆိုသည်။

“ကျွန်တော်ကိုယ်တိုင်အနီးကပ်ဝင်ပြီး ပစ်တာ။ သူတို့( စစ်ကောင်စီတပ်) ဖက်က ၃ ယောက်သေတယ်ဆိုပြီး ရွာသားတွေက သတင်းပို့လာတယ်။ ကျွန်တော်တို့ဖက်က‌ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်ခဲ့တယ်” ဟု ဗိုလ်ဒါးကေက ဩဂုတ်လ ၃၀ ရက် ညနေ ၆ နာရီခန့်တွင် ပြောဆိုသည်။

Dawei Watch အနေဖြင့် ဒေသခံအချို့ထံ ဆက်သွယ်စုံစမ်းမေးမြန်းရာတွင်လည်း ကရင်တပ်တစ်ခုက ဆိုင်ကယ်သုံးစီးဖြင့် လာရောက် တ်ိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်သည့်နေရာ လမ်းဆုံတွင်လည်း ဆိုင်ကယ်တစ်စီးကျကျန်ရစ်ခဲ့ပြီး အဆိုပါဆိုင်ကယ်ကို သြဂုတ်လ ၃၀ ရက်နေ့နံနက်ပိုင်းတွင် အမျိုးသမီးတစ်ဦးက လာယူသွားကြောင်းဆိုသည်။

စစ်ကောင်စီဖက်က ထိခိုက်မှုအခြေအနေကို မေးမြန်းရာတွင်မူ သေဆုံး၊ ဒဏ်ရာရသည်ကို မကြားရကြောင်း ဖြေဆိုသည်။

ယခုရက်ပိုင်းအတွင်း ထားဝယ်မြို့တွင်းအစွန်းဖက်အထိ တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခြင်း၊ မြို့ပြင်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခြင်းတို့ ခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိသည်။

ပေါက်တိုင်းတံတားမှာ ထားဝယ်-မြိတ် သွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ကျောက်ရပ်ရွာနှင့် ကပ်နေသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်ကာ ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

ပေါက်တိုင်းတံတားပိတ်ထားသဖြင့် မြိတ်ဘက်ကလာသည့် မော်တော်ယာဉ်များက ရွှေတောင်ရွာအနီးတွင် ပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ယင်းအပြင် ‌ထားဝယ်အရှေ့တောဘက်သို့သွားသည့် ဗျောတောဝဂိတ်ကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပိတ်ထားကြောင်း မြို့ခံများက ဆိုသည်။

ယခုလလယ်ပိုင်းကလည်း ထားဝယ်မြို့ (မြို့မြောက်ဘက်) ဆင်ဆိပ်ရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ထားဝယ်မြို့ ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။