BREAKING
September 16, 2024

လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ရန် ရုရှားလေယာဉ်ဆီ လီတာသိန်းချီ မြိတ်သို့ရောက်နေ

August 29, 2024

ပုံစာ - လေ့ကျင့်ပျံသန်းပစ်ခတ်နေသည့် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရစဉ် (ပုံဟောင်း)

ရုရှားထံမှရရှိသည့် လေယာဉ်ဆီဖြင့် တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်ရန် စစ်ကောင်စီပြင်ဆင်နေ သည်။

တောင်ပိုင်းစစ်မျက်နှာတွင် အရှုံးများဖြင့် ရင်ဆိုင်နေရပြီး မြေပြင်စိုးမိုးနယ်မြေလျော့ကျလာသောကြောင့် လေကြောင်းကို အဓိကအားပြု တန်ပြန်တိုက်စစ်ဆင်ရန် စစ်ကောင်စီ ကမ်ရိုးတန်းတိုင်းစစ်ဌာနချုပ်က ပြင်ဆင်လာခြင်းဖြစ်သည်။

တပ်ရင်းများ၊ တပ်စခန်းများနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရတိုင်း စစ်ကောင်စီလေတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်က စစ်ကောင်စီ၏ ဗျူဟာတစ်ခုဖြစ်သည်။

လာမည့်ပွင့်လင်းရာသီတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ရန်အတွက် ရုရှားထံမှ ရရှိသည့် လေယာဉ်ဆီလီတာသိန်းချီ မြိတ်ခရိုင်ထဲသို့ ရောက်ရှိနေသည်။

တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအတွက် လိုအပ်သည့် လေယာဉ်ဆီကို ရုရှားနိုင်ငံမှတစ်ဆင့် ရေနံတင်သင်္ဘောဖြင့် မလိကျွန်းရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာခြင်းဖြစ်သည်။

Dawei Watch ၏ စစ်ကောင်စီတပ်အရင်းအမြစ်များ၏အဆိုအရ လေယာဉ်ဆီ လီတာ သုံးသိန်းတင်ဆောင်လာသည့် ရေနံတင်သင်္ဘောမှာ တနင်္သာရီရေတပ်စခန်းသို့ ဩဂုတ်လ ၂၆ ရက် ညတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုရေတပ်စခန်းမှတစ်ဆင့် မြိတ်လေတပ်စခန်းဌာနချုပ်သို့ ဆက်လက်ပို့ဆောင်သွားရန် ပြင်ဆင်နေကြောင်း ဆိုသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး မြို့ ၈၀နီးပါးကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် မဟုတ်သည့် ရပ်ရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်ခဲ့သည့်အတွက် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးမှုမြင့်တက်နေသည်။

ထို့ကြောင့်လည်း နိုင်ငံတကာက စစ်ကောင်စီကို လေယာဉ်ဆီမရောင်းချကြရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ယခုနှစ် ဧပြီလတွင် ဆုံးဖြတ်ထားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ယခုလအတွင်း ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းဝေးတွင် လေယာဉ်ဆီအပါအဝင် လက်နက်၊ ခဲယမ်း၊ ငွေကြေး စီးဆင်းမှုများ ဖြတ်တောက်နိုင်ရေး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးကြရန် တောင်းဆိုထားသည်။

သို့ရာတွင် စစ်ကောင်စီ၏ မိတ်ဖက်ဖြစ်သည့် ရုရှားနိုင်ငံမှ တင်ဆောင်လာသည့် လေယာဉ်ဆီ လီတာ သုံးသိန်းမှာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီဖြစ်သည်။

ယခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲပြီး မြို့ပေါ်အထိ တိုက်ပွဲများဆင်နွှဲလာရာ စစ်ကောင်စီက တိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။ ယခု လေယာဉ်ဆီများ ရရှိထားသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သည်။

တောင်ဘက်စွန်းက လေတပ်စခန်း

မြိတ်မြို့လေယာဉ်ကွင်းရှိ စစ်ကောင်စီလေတပ်စခန်းတွင် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့ ဖက်စပ်ထုတ်လုပ်ထားသည့် K8 W တိုက်လေယာဉ်၊ ဆိုဗီယက်ထုတ် Mi 2 ရဟတ်ယာဉ်၊ ပန်ကာတပ် lslander လေယာဉ်နှင့် မျက်မြင်ကင်းထောက် နိုင်သည့် PT 6 အမောင်းသင်လေယာဉ်များ အခြေစိုက်ထားသည်။

တနင်္သာရီတိုင်းအတွင်း အရပ်ဘက်လေယာဉ်များ လက်ရှိအသုံးပြုနေသည့် လေယာဉ်ကွင်း သုံးခုရှိသည့်အနက် မြိတ်လေယာဉ်ကွင်းတွင်သာ လေတပ်စခန်းရှိပြီး ထားဝယ်နှင့် ကော့သောင်းတွင် လေတပ်အခြေစိုက်ထားခြင်း မရှိပေ။

စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်း လေကြောင်းတိုက်ခိုက်ရာတွင် K8 W တိုက်လေယာဉ်နှင့် Mi 2 ရဟတ်ယာဉ်ကိုသာ အဓိကအသုံးပြုနေသည်။

ပန်ကာတပ် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိသော်လည်း မြိတ်လေတပ်စခန်းတွင် အခြေစိုက်ထားခြင်း မရှိကြောင်း လေတပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

သို့ရာတွင် ထားဝယ်မြို့ရှိ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) တွင်မူ ရဟတ်ယာဉ်ကွင်းရှိပြီး Mi 2 ရဟတ်ယာဉ်များ စခန်းချရပ်နားလေ့ရှိသည်။

ထိုကြောင့် အများအားဖြင့် လေယာဉ်၊ ရဟတ်ယာဉ်များက မြိတ်လေတပ်စခန်းမှ ပျံတက်လာပြီး မြေပြင်ပစ်မှတ်များကို လေကြောင်းက တိုက်ခိုက်လေ့ရှိသည်။

Dawei Watch က လက်လှမ်းမီသမျှပြုစုထားသည့် စာရင်းများအရ ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာ ကာလ အတွင်း တနင်္သာရီတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုအနည်းဆုံး ၆၇ ကြိမ်အထိရှိခဲ့ပြီး ဗုံးအလုံးရေ ရာပေါင်းများစွာ ကြဲချ တိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးတပ်များက ထိုးစစ်အသွင်တိုက်ခိုက်လာချိန် စစ်ကောင်စီမြေပြင်တပ်များ အရေးနိမ့်လာသည့်အချိန်တိုင်း လေကြောင်းပစ်ကူတောင်းကာ တန်ပြန်တိုက်ခိုက်လေ့ရှိကြောင်း Dawei Defense Team (DDT) တပ်ရင်းတာဝန်ခံ ကိုရေလှိုင်းက ပြောသည်။

ဥပမာအားဖြင့် ရေဖြူမြို့နယ် ရာဖူးရွာ၊ မျောက်ချောရွာ တိုက်ပွဲနှင့် ထားဝယ်အရှေ့တောတိုက်ပွဲများတွင် စစ်ကောင်စီ ကြည်းတပ်များ အရေးနိမ့်လာချိန် လေယာဉ်ပစ်ကူများ ချက်ချင်းနီးပါးရောက်လာကြောင်း ၎င်းက ဆိုသည်။

“သူတို့က မနိုင်တော့ဘူးဆိုရင် လေကြောင်းသုံးမယ်ဆိုတာ ပလန် (အစီအစဉ်) က ရှိပြီးသားလို့ထင်တယ်”ဟု ကိုရေလှိုင်းက ပြောဆိုသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်လာပါက တန်ပြန်နိုင်သည့် လေယာဉ်ပစ်လက်နက်ကဲ့သို့ လက်နက်ပစ္စည်း မရှိသည့်အတွက် တော်လှန်ရေးတပ်များအတွက် ခက်ခဲသည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒုံးတွေဘယ်လိုပဲ ပစ်ပစ်၊ အဝေးကနေ တာဝေးနဲ့ ဘယ်လိုပဲပစ်ပစ် အကြီးအကျယ်ကြီး ထိရောက်မှု မရှိဘူးပေါ့။ လေကြောင်းတစ်ခုပဲ ကျွန်တော်တို့ စိုးရိမ်ရတယ်” ဟု ကိုရေလှိုင်းက ပြောသည်။

ထိုသို့လေကြောင်းတိုက်ခိုက်ရာတွင်လာည်း ဖျက်အားပြင်းဗုံးအမျိုးအစားများဖြစ်သည့် ပေါင် ၃၀၀ ဗုံးနှင့် ပေါင် ၅၀၀ ဗုံးများအပြင် ၈၁ မမလက်နက်ကြီးကျည်များဖြင့်လည်း ကြဲချတိုက်ခိုက်လေ့ရှိသည်။

ထားဝယ်အရှေ့တော၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစုမြို့နယ်များတွင် ယခုနှစ်ဆန်းပိုင်းကစပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုလည်း ပိုစိပ်လာသည်။

စစ်ကောင်စီတပ်က လေယာဉ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား နေသည့် နေရာအပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် ရပ်ရွာများအတွင်းသို့လည်း ကြဲချခဲ့သည်။

ထို့ကြောင့်လည်း ပြည်သူများ ထိခိုက်သေဆုံးရသည့်အရေအတွက်မြင့်တက်လာပြီး နေအိမ်မီးလောင်ပျက်စီးမှု များပြားခဲ့သည်။

Dawei Watch က ပြုစုထားသည့် စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ရက်မှ ဇူလိုင်လ ၂ ရက် အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၄ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၃၀ ကျော်အထိ ရှိခဲ့ သည်။

လာမည့်ပွင့်လင်းရာသီတွင်လည်း တနင်္သာရီတိုင်းအတွင်းစစ်ရေးအရှိန်ပိုမြင့်လာနိုင်သည့်နည်းတူ လေကြောင်း တိုက်ခိုက်မှုများလည်း ပိုမိုမြင့်တက်လာမည့် အခင်းအကျင်းရှိနေသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ပွင့်လင်းရာသီအမီ ဗုံးခိုကျင်းများ ကြိုတင်တူးထားပြီး စစ်ရေးသတိဖြင့်နေထိုင်သင့် ကြောင်း DDTတပ်ရင်းတာဝန်ခံ ကိုရေလှိုင်းက ဆိုသည်။

“စစ်ကောင်စီကတော့ ဘယ်သူ့မျက်နှာမှ ကြည့်မှာမဟုတ်ဘူး။ ပြည်သူမျက်နှာကိုလည်း ကြည့်မှာမဟုတ်ဘူး။ သူကတော့ ကြဲစရာရှိတာ ကြဲမှာပဲ။ လုပ်စရာရှိတာ လုပ်မှာပဲ။ ပြည်သူတွေကလည်း အမြဲတမ်းအဆင်သင့်ဖြစ်နေအောင်တော့ ဗုံးခိုကျင်းတွေ လုပ်ထားစေချင်တယ်”