BREAKING
January 14, 2025

စစ်ကောင်စီတပ်က လောင်းလုံး၊ သဘော့ဆိပ်ရွာထဲမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

August 29, 2024

လောင်းလုံး၊ သဘော့ဆိပ်ရွာကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၉) နေ့လယ်ပိုင်းက လက် နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

မနေ့ကကျောက်ဆင်ရွာတွင် ညအိပ်တပ်စွဲသည့် စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက်ပိုင်းမှစပြီး သဘော့ဆိပ် ရွာသို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ခုမွန်းလွဲ ၁ နာရီ လောက်မှာ လက်နက်ကြီး နဲ့ သုံးချက် ပစ်တယ်” ဟု ၎င်း ဒေသခံက ပြောသည်။

ထိုစစ်ကြောင်းသည် ဩဂုတ်၂၈ ရက် နံနက်ပိုင်းကတည်းကမောင်းမကန် ကျေးရွာမှတစ်ဆင့် ကျောက်ဆင်ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းမှာ မနေ့က ကျောက်ဆင်ရွာတွင် နေအိမ်များ ကို ဝင်ရောက်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သလို ခရီးသွားများကိုလည်း စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စာသင်ကျောင်းနားက ရွာထိပ်မှာ စစ်တာ ညနေထိပါပဲ။ လူတိုင်းကိုစစ်တာ အဲဒီနားမှာစစ်သား တစ်ချို့က ညအိပ်တယ်။ တစ်ချို့က ကျောက်ဆင်နဲ့ သဘော့ဆိပ်ကြားမှာ အိပ်တယ်”ဟု ဒေသခံက ပြောသည်။

ဩဂုတ်လ ၁၇ ရက် နေ့က မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မောင်းမကန် ကျေးရွာတွင် အင်အားအများအပြားဖြင့် တပ်စွဲ့ နေခြင်းဖြစ်သည်။

ယင်းအပြင် မောင်းမကန် ရွာ၏ တောင်ဘက်တွင်ရှိသည့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး ၊ ကရင်ကြီး၊ ကမ်းပနီ စသည့်ကျေး ရွာများကို ဩဂုတ်လ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။

“ဒီနေ့ဆို ကရင်ကြီးရွာမှာ လည်း လူမရှိတော့ဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဆင် ငါးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံ အများစုမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဩဂုတ်လ ၁၉ ရက်နေ့ကစပြီးနီးစပ်ရာ ဒေသများကို ပြောင်း ရွှေ့ နေကြရခြင်းလည်းဖြစ်သည်။