BREAKING
October 18, 2024

ဖူးခက်မြေပြိုမှုကြောင့် နာမည်ကြီး Big Buddha ဘုရားကြီး၏ ဂေါပကအဖွဲ့ စစ်ဆေးခံနေရ

August 29, 2024

ထားဝယ်သားဒေသခံများအပါအဝင် လူ ၁၀ကျော်သေဆုံးခဲ့သည့် ဖူးခက်မြေပြိုမှုဖြစ်ပွားပြီးနောက်တွင် ဖူးခက်မြို့ရှိ နာမည်ကြီး Big Buddha ဘုရားကြီးဂေါပကအဖွဲ့ စစ်ဆေးခံနေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

နယ်မြေကျူးကျော်တည်ဆောက်ထားမှု၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းအချို့ လုပ်ကိုင်ခဲ့မှုနှင့် ရေလွှဲပြောင်းစနစ် စနစ်တကျတည်ဆောက်ထားခြင်း မရှိခဲ့မှုတို့ကြောင့် စစ်ဆေးခံနေရခြင်းဖြစ်သည်။

ထိုင်းတောင်ပိုင်း ဖူခက်မြို့တွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကတရပ်ကွက်ရှိ Big Buddha ဘုရားကြီး တည်ဆောက်ထားသော တောင်ကုန်းအနောက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ရှစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။

မြေပြိုမှုနှင့် ပက်သက်၍ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းသစ်တောဌာန၊ ဖူးခက်မြို့ ဗုဒ္ဓဘာသာရုံးအပါအဝင် ရဲတပ်ဖွဲ့များနှင့် နယ်မြေခံအရာရှိများက တောင်အမြင့်ပေါ် ဘုရားကြီးတည်ဆောက်ထားမှုနှင့်ပက်သက်၍ ကွင်းဆင်းကာ စုံစမ်းစစ်ဆေးခဲ့သည်။

သစ်တောဌာနက Big Buddha ဘုရားကြီးနှင့် ခြံဝန်းကို ဧရိယာ ၂ ဒသမ ၄ ဟက်တာ (၆ ဧကခန့်) ပေါ်တွင် တည်ဆောက်ခွင့် ပြုထားသော်လည်း GPS သုံး၍ စစ်ဆေးရာ သတ်မှတ်နယ်မြေပမာဏထက် ကျော်လွန်နေပြီး ဧရိယာ ၃ ဒသမ ၂ ဟက်တာ (၈ ဧကခန့်) အထိရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။

ယင်းပမာဏထဲတွင် ကားပါကင်နေရာ၊ အိမ်သာများ၊ ကော်ဖီဆိုင်များ၊ လက်ဆောင်ပစ္စည်းဆိုင်များနှင့် အခြားအဆောက်အအုံများကို ဆောက်လုပ်ထားခြင်းဖြစ်သည်။

အဆောက်အအုံအချို့သည် လိုအပ်သော အဆောက်အအုံတည်ဆောက်ခွင့် ခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း နယ်မြေခံမြူနီစီပယ်ရုံးက အတည်ပြုထားသည်။

ထို့ကြောင့် နယ်မြေကျူးကျော်ဆောက်လုပ်ထားမှု၊ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်ထားမှုဖြင့် ဂေါပကအဖွဲ့ကို သစ်တောဌာနက ရဲစခန်းတွင် တရားစွဲဆိုထားကြသည်။

Big Buddha ဘုရားကြီးကို ၂၀၀၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့စဉ်က သတ်မှတ်ထားသော ရေလွှဲပြောင်းစနစ်ကို တည်ဆောက်ထားခြင်းမရှိခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း စုံစမ်းရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထို့ကြောင့် တောင်မြင့်ဆောက်လုပ်ရေး နည်းဗျူဟာများအား လိုက်နာမှုမရှိသည်ကို တွေ့ရှိထားကြောင်း ၎င်းကဆိုသည်။

“ဆောက်လုပ်ရေးတွေနဲ့ ကုန်းမြင့်ပြင်ဆင်ပြုပြင်မှုတွေက သဘာဝရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားခဲ့တယ်။ တကယ်လို့ မိုးအသည်းအသန်ရွာတဲ့အချိန် ရေတွေက တောင်အောက်ကို ဆင်းဖို့လမ်းရှာမှာပဲ။ ဒီမြေပြိုမှုက ရေလမ်းကြောင်းအသစ် ဖြစ်သွားတဲ့ ပုံပေါ်နေတယ်” ဟု စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး Dusit Kaesonkaew က ပြောသည်။

ဂြိုဟ်ထုဓါတ်ပုံများကို စစ်ဆေးစဉ် မြေကြီးနှင့် ကျောက်တုံးများ ရွေ့လျားမှုများသည် ယခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

ယခုမြေပြိုမှုသည် ၈၀ ဒီဂရီအထိ တိမ်းစောင်းနေသော တောင်ကုန်းပေါ်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး အပေါ်ပိုင်း မြေကြီးများကို သစ်ပစ်များကသာ ထိန်းသိမ်းထားသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမှုနှင့် နယ်မြေကျူးကျော်တည်ဆောက်ထားမှုများက အသက်နှင့် အိုးအိမ်များ ဆုံးရှုံးစေသကဲ့သို့ ထိုင်းခရီးသွားလုပ်ငန်းကိုပါ ထိခိုက်စေကြောင်း စုံစမ်းရေးအဖွဲ့က ဆိုသည်။

ယခုမြေပြိုမှုသည် ကျောက်တုံးများ၊ ကျောက်စရစ်ခဲများ၊ သဲများ၊ သစ်ပင်များက ရေနှင့်အတူမျောပါလာခြင်းဖြစ်ပြီး လူအများနှင့် အိုးအိမ်များကို ထိခိုက်စေခြင်းဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့က ပြောဆိုသည်။

ယခုမြေပြိုမှုဖြစ်ပြီးနောက်ပိုင်း နောက်ထပ် ဘေးအန္တရာယ်များ မရှိစေရေး တောင်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် စိစစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

Big Buddha ဘုရားကြီး ဂေါပကအဖွဲ့က မြေပြိုမှုသည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ ဘုရားကြီးကို ငလျင်အင်အား ၁၀ ရစ်ချ်တာစကေးအထိ ခံနိုင်ရည်ရှိကြောင်း ဆိုထားသည်။

Big Buddha ဘုရားကြီးကို မြန်မာနိုင်ငံက စကျင်ကျောက်ဖြင့် ဆောက်လုပ်ထားပြီး ဖူးခက်မြို့ကို ၃၆၀ ဒီဂရီကြည့်ရှုနိုင်သဖြင့် ထိုင်းနှင့် နိုင်ငံတကာခရီးသွားများကြား နာမည်ကြီးသည်။

Ref: Khaosod English, Thai PBS, Phuket News, Pattaya Mail