BREAKING
October 18, 2024

ရန်ကုန်-ထားဝယ် အိမ်စီးကားခဈေးတက်၊ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းဖြစ်လာ

August 29, 2024

ပုံစာ - ယခုနှစ် ဧပြီလဆန်းပိုင်းက မလွှဲတောင်ဂိတ်၌ လမ်းပိတ်ထား၍ ညအိပ်စောင့်ဆိုင်းနေကြသည့် ခရီးသည်ကားများ။ ဓာတ်ပုံ - Dawei Watch

ရန်ကုန်-ထားဝယ် (လေးယောက်စီး) အိမ်စီးကားခဈေးနှုန်းမှာ ယခုလအတွင်း ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းဖြစ်လာကြောင်း ကားသမားများနှင့် ခရီးသွားအချို့ထံမှ သိရသည်။

ဇူလိုင်လနောက်ဆုံးအပတ်စတင်ကာ နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်နေပြီး ဆီစျေးတက်သည့်အပြင် လိုသလောက် ဝယ်မရသောကြောင့် ကားခဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကားပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

“ဆီပြန်ရတာ အခုတစ်ပတ်လောက်ပဲရှိသေးတယ်။ ရန်ကုန်မှာ ဆီထည့်မယ်ဆို တန်းစီရတာ၊ အဲဒီတော့ ထားဝယ်ကနေ ဈေးကြီးပေးဝယ်ပြီး ငါးဂါလံပုံးတွေထဲထည့်ပြီး ကားဆွဲရတာ။ ကားခဈေးတက်တာ အဓိကတော့ ဆီဈေးကြောင့်ပဲ။ ရန်ကုန်မှာ တန်းစီဝယ်မယ်ဆို နှစ်ရက်လောက် တန်းစီရတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည် မတ်လက ကားခဈေးနှုန်းမှာ တစ်ဦးလျှင် ကျပ်ခုနစ်သောင်း၊ ဇူလိုင်လတွင် ကျပ်ရှစ်သောင်း၊ ဇူလိုင်လနောက်ဆုံး အပတ်မှ လက်ရှိအချိန်အထိ တစ်သိန်းကျပ်အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။ တစ်လအတွင်း ကျပ်နှစ်သောင်း စျေးတက်လာခြင်း ဖြစ်သည်။

စက်သုံးဆီပြတ်လပ်မှု၊ စက်သုံးဆီဈေးမြင့်တက်လာမှုအပြင် ကားအပိုပစ္စည်းများနှင့် ပြုပြင်ခတို့မှာလည်း စျေးတက်နေသဖြင့် ကားခဈေးတက်ရခြင်းဖြစ်ကြောင်း ရန်ကုန်-ထားဝယ် အိမ်စီးကားဖြင့် ပြေးဆွဲနေသည့် ကားသမားနောက်တစ်ဦးက ဆိုသည်။

“ဈေးတက်တာတော့ မကြာသေးဘူး။ တစ်လလောက်ပဲရှိသေးတယ်။ ထားဝယ်မှာဆို စက်သုံးဆီက တစ်လီတာကို လေးထောင်ကျော်ပေးရတယ်။ အဲဒါကို ငါးဂါလံပုံးတွေနဲ့ထည့်ပြီး သယ်ပြီးကားဆွဲနေရတာ” ဟု ၎င်းက ပြောသည်။

အချို့ကားများမှာ ခရီးသည်တစ်ဦးကို ငွေကျပ် ကိုးသောင်းသာယူသော်လည်း အများစုမှာ ငွေကျပ် တစ်သိန်းယူကြောင်း ကားသမားအချို့ထံမှ သိရသည်။

ကားခ ကျပ်တစ်သိန်းပေးရသည့်အပြင် လမ်းကြောင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ငွေကြေး ပေးရသေးကြောင်း ဩဂုတ်လ ၂၅ ရက်တွင် ခရီးသွားလာခဲ့သည့် လူငယ်အမျိုးသားတစ်ဦးက ပြောဆိုသည်။

“စစ်တပ်ဂိတ်မှာဆိုလည်း ကားဆရာက ဂိတ်ကြေးပေးရတာ သက်သက်၊ ခရီးသည်တွေပေးရတာက သက်သက်ပဲ။ သေနတ်လွယ်ထားတဲ့ စစ်သားက ကားထဲသူတစ်ချက် ကြည့်လိုက်ပြီး တစ်ယောက်ကို နှစ်ထောင်ဆိုပြီး တောင်း တယ်။ PDF ဂိတ်နဲ့ မွန်တော်လှန်ရေးတပ်တွေကိုလည်း အဲဒီလိုပဲပေးရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-မြိတ် လေးယောက်စီး အိမ်စီးကားခမှာ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲရှိကြောင်း မြိတ်မြို့မှ ယာဉ်လိုင်းလုပ်ငန်းတွင်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကားခဈေးတက်တာ တစ်လလောက်ပဲရှိသေးတယ်။ အဓိက (ကားခ) ဈေးတက်တာ ဆီဈေးကြောင့်ပါ။ စက်သုံးဆီ တစ်လီတာကို အဲဒီမတိုင်ခင်က သုံးထောင်ကျော်၊ အခုလေးထောင်ကျော်ပေးရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-ထားဝယ် မှန်လုံကားခမှာ ခရီးသည်တစ်ဦးကို ငါးသောင်းကျပ်ခန့်၊ ရန်ကုန်-မြိတ် မှန်လုံကားခမှာ ခြောက်သောင်း ကျပ်၊ ရန်ကုန်-ကော့သောင်း တစ်သိန်းကျပ်ရှိကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေးမှာ ကျပ်သုံးသိန်းကျော်၊ ရန်ကုန်-မြိတ် လေးသိန်းကျော်၊ ရန်ကုန်-ကော့သောင်းမှာ ကျပ်ခုနှစ်သိန်းခြောက်သောင်းကျော် စျေးရှိကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုထံမှ သိရသည်။