လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာက အသက် ၁၆ နှစ်အရွယ် လူငယ်ယောက်ျားလေးတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဩဂုတ်လ ၂၈ ရက်က သေဆုံးကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။
အဆိုပါလူငယ်သည် ခွေးကိုက်ခံရပြီးနောက် မေးခိုင်ကာကွယ်ဆေးထိုးကာ လှေလိုက်သွားရာ ၂လအကြာတွင် ခွေးရူးပြန်ရောဂါဖြစ်ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း အထက်ပါအသင်း ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
“ခွေးကိုက်ခံထိပြီးမှာ အဲ့ဒီလူနာက မေးခိုင်းကာကွယ်ဆေးထိုးပြီးတော့ လှေနဲ့ ပင်လယ်ထွက်သွားတယ်ဆိုပြောတယ်။ အနာကောင်းသွားတယ်ဆိုတော့ ဒီတိုင်းပဲနေ နေတာပေါ့။ ပြီးမှ အခုမှပြန်ပြီးဖြစ်လာတာပေါ့” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသည့် လူငယ်ရုပ်အလောင်းကို မိသားစုက ရွာကိုပြန်သယ်လိုသော်လည်း ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ဆေးရုံနှင့် ပရဟိတအဖွဲ့က ခွင့်မပြုသဖြင့် ထားဝယ်မြို့ရှိ ဇဟာသုသန်တွင် မီးသင်္ဂြိုဟ် လိုက်ကြောင်း ပရဟိတအသင်းအဖွဲ့အချို့၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ လူငယ်၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီက မီးသင်္ဂြိုဟ်ရာတွင် ကိုဗစ်နာရေး ကဲ့သို့ပင် နာရေးကူညီရေးအဖွဲ့ဝင်များက PPE ဝတ်စုံများ ဝတ်ဆင်ကာ မီးသဂြိုဟ်ခဲ့ကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။
အထက်ပါကိစ္စများနှင့် ပတ်သက်၍ ထားဝယ်ပြည်သူ့ ဆေးရုံက တာဝန်ရှိသူများကို ဖုန်းဆက်သွယ် မေးမြန်းရန်ကြိုးပမ်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ခွေးကိုက်ခံရပါက ပေါ့ပေါ့ဆဆမနေဘဲ ခွေးရူးပြန်ကာကွယ်ဆေးထိုးကာ ကြိုတင်ကာကွယ်သင့်ကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။