[အခန်း ၁၃]
ဗိုလ်မှူးကျော်တင့် က ဒေါ်တင်စိန်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
“ခဏနေဦး . . . အလျင်စလိုမလုပ်နဲ့ . . . တင်တင် . . . အခန်းထဲမှာရှိတဲ့ ကြည်ကြည့်ကို အရင်ဘေးလွတ်ရာပို့ဖို့လုပ် . . . သူက နေ့စေ့လစေ့ကြီး”
ဒေါ်တင်စိန်က အခန်းတွင်းသို့ ပြေးဝင်သွား၏။
မောင်ရိန်ကလည်း စတင်းဂန်းဖြင့် ထွက်လာရန်ပြင်သည်။
“မောင်ရိန် . . . မင်းမိန်းမအရေးကြီးတယ် . . . သူ့ကို မင်းခေါ်သွား . . . နောက်ဖေးပေါက်ရှိလား”
ကုတင်ပေါ်မှ ကြည်ကြည်က အနောက်ဘက်ပြတင်းတံခါးကို အသာလှပ်ကြည့်လိုက်သည်။
“မရဘူး . . . အနောက်မှာလည်း လူရိပ်တွေ့တယ် . . . သူတို့ အိမ်ကို ဝိုင်းထားပြီထင်တယ်”
“ကဲ . . . ကြည် . . . အကိုတို့ အရေးပေါ်အစီအစဉ်အတိုင်း လုပ်ကြတာပေါ့”
မောင်ရိန်စကားကို ကြည်ကြည်က ခေါင်းညိတ်ပြလိုက်သည်။
မောင်ရိန်က ကုတင်အောက်မှ ဝါးလှေကားတိုတစ်ခုကို ထုတ်လိုက်၏။
သူတို့လင်မယားသည် ငါးပိငါးခြောက် ကုန်သည်အဖြစ် အသွင်ယူကာ ဒီရွာသို့ ရောက်ရှိလာကတည်းက အရေးပေါ် အစီအမံအဖြစ် အိမ်အရှေ့ဘက်ခေါင် နှင့် ထုပ်တန်းကြားတွင် လူနှစ်ယောက်ပုန်းခိုရန် ထပ်ခိုးပုံစံပြုလုပ်ထားခဲ့သည်။
ကြည်ကြည်က လှေကားဖြင့် အပေါ်သို့တက်သည်။ မောင်ရိန်က အောက်မှ ထိန်းပေးထား၏။
“ကြည် . . . လှေကားသိမ်းလိုက်တော့”
“နေဦး . . . မောင်ရိန် . . . မင်းပါ လိုက်သွား . . . မင်းသူ့ကို ကာကွယ်ရမယ်”
“ဟာ . . . ကျွန်တော်သူတို့ကို ခံပစ်မယ်လေဗျာ”
“နေဦး . . . မောင်ရိန် . . . ခံပစ်ရင် ငါတို့အားလုံး သေကုန်လိမ့်မယ် . . . သွား . . . မင်းပါ အပေါ်တက်ပုန်းချေ . . . ဒီကိစ္စ ငါတို့ လင်မယားပဲ ရှင်းမယ်”
“ဗိုလ်မှူး . . . ကျွန်တော်”
မောင်ရိန်က အရှေ့ခန်းတွင် ကျန်သော ဗိုလ်မှူးကျော်တင့် ထံ လှမ်းအော်သည်။
“ရဲဘော်မောင်ရိန် . . . ဒါအမိန့်ပဲ . . . မင်း . . . ကြည်ကြည့်ကို ကာကွယ်ပါ . . . သွားတော့”
မောင်ရိန်က မျက်စိကို စုံမှိတ်ကာ သက်ပြင်းချလိုက်၏။ ထို့နောက် လှေကားမှတစ်ဆင့် အပေါ်ထပ် ပုန်းခိုရာသို့ တက်သွားတော့သည်။
“ဒိုင်း . . . ဒိုင်း . . . ဒိုင်း”
“ခင်ဗျားလက်နက်ချနော် . . . ဗိုလ်ကျော်တင့် . . . မဟုတ်ရင် . . . အိမ်ကို မွစာကြဲအောင် ပစ်ရလိမ့်မယ်”
ပြတင်းတခါးမှ မတင်စိန်က ခြောက်လုံးပြူးသေနတ်ကို ကိုင်လျက် လက်မြှောက်ကာ ပေါ်လာသည်။
“ဆက်မပစ်နဲ့တော့ . . . ငါတို့ ဆင်းလာခဲ့မယ်”
တပ်ရင်းမှူးဗိုလ်မှူးလဗျနောင် ဦးစီးသည့် ခလရ (၂၅) တပ်များက ခြံဝန်းအတွင်းသို့ သေနတ်များ ချိန်ကာ ဝင်လာကြ၏။
ဗိုလ်မှူးကျော်တင့်က ခန္ဓာကိုယ်ကို တတ်နိုင်သမျှ မတ်မတ်ရပ်ကာ အိမ်ပေါ်မှ ဆင်းလာသည်။ နံဘေးတွင် ဇနီးဖြစ်သူ ထားဝယ်အမျိုးသမီးသမဂ္ဂ၏အထွေထွေအတွင်းရေးမှူး မတင်စိန်။
တပ်ရင်းမှူးလဗျတ်နောင် က မတင်စိန် လက်ထဲမှ ခြောက်လုံးပြူးကို သိမ်းယူလိုက်၏။
“နှစ်ယောက်လုံး မြေကြီးမှာ မှောက်ထားစမ်း . . . ခေါင်းထောင်မကြည့်နဲ့ . . .ကြည့်တာနဲ့ သတ်မယ်”
မြေပြင်တွင် မှောက်နေသော ဗိုလ်မှူးကျော်တင့်နှင့် မတင်စိန်တို့ကို စစ်သားနှစ်ယောက်က အပေါ်မှ ဖိနပ်ဖြင့်နင်းကာ လှံစွပ်ဖြင့် ထောက်ထားကြသည်။
“အပေါ်မှာ ဘယ်သူရှိသေးလဲ . . . ဆင်းခဲ့စမ်း”
အပေါ်မှ မည်သည့် အသံမျှ မထွက်။
“ဟေ့ . . . ပြောစမ်း . . . ခင်ဗျားတို့နဲ့အတူ ဘယ်သူတွေရှိသေးလဲ”
“မရှိပါဘူး”
ဗိုလ်မှူးကျော်တင့်က ပြောလိုက်သည်။
“ဟေ့ . . . ရွာသားတွေထဲက တစ်ယောက်ခေါ်ခဲ့စမ်း”
ခြံရှေ့တွင် ငုတ်တုတ်စုထိုင်ခိုင်းထားသည့် ရွာသားများထဲမှ တစ်ယောက်ကို စစ်သားတစ်ဉီးက ခေါ်ထုတ်လာသည်။
“ဒါ ဘယ်သူ့အိမ်လဲ . . . ပြောစမ်း”
“အရှေ့ဘက်ကမ်းက ပြောင်းလာတဲ့ ငါးပိပွဲစားတို့ လင်မယားအိမ်ပါ”
လောင်းလုံးကျွန်းဆွယ်က ထားဝယ်တို့က သရက်ချောင်းဘက်ကို အရှေ့ဘက်ကမ်းဟု အလွယ်ခေါ်လေ့ရှိသည်။
“ဖြောင်း”
တပ်ရင်းမှူးက ခြေထောက်ဖြင့် ဖြတ်ကန်လိုက်သဖြင့် ရွာသားမှာ လဲကျသွား၏။
“မင်းကို ငါမေးတာ . . . ဒီအိမ်မှာ နေတဲ့ လူနာမည်ပြောတာ . . . ဘယ်သူနေလဲ . . . ဘယ်နှယောက်နေလဲသိချင်တာ”
“ကိုဇော်ဦးနဲ့ မစိန်ပွင့် လို့တော့ သိပါတယ် . . . ရွာကိုရောက်ပြီး ဒီအိမ်ကို ငှားနေတာ သုံးလေးလပဲ ရှိပါသေးတယ်.မစိန်ပွင့်က ကိုယ်ဝန်ကြီးနဲ့ပါ”
“အေး.ဟုတ်ပြီ”
တပ်ရင်းမှူးလဗျတ်နောင်က ဗိုလ်မှူးကျော်တင့်၏ ရှေ့တွင် မုဆိုးဒူးထောက်ထိုင်လိုက်သည်။
ထို့နောက် ဗိုလ်မှူးကျော်တင့်၏ ဆံပင်ကို လက်ဖြင့် ခပ်ကြမ်းကြမ်လှန်ဆွဲလိုက်၏။
“ပြောစမ်း . . . အဲ့ဒီ ဇော်ဦး နဲ့ စိန်ပွင့် က ဘယ်သူတွေလဲ . . . ပြောစမ်း”
“ငါတို့ ကျောရိုးတွေပဲ . . . . မင်းတို့ဝင်လာမှာ ကြိုသိလို့ . . . သူတို့ကို တောထဲ ပြေးခိုင်းလိုက်ပြီ”
ထိုအချိန်တွင် အိမ်ပေါ်တက်ရှာကြသော စစ်သားများ ပြန်ဆင်းလာကြ၏။
“အပေါ်မှာတော့ ဘာမှ မတွေ့ပါဘူး . . . ဗိုလ်မှူး . . .အမျိုးသမီးအသုံးအဆောင်တွေနဲ့ ဟော့ဒီကျည်ကတ်တွေ တွေ့ပါတယ်”
“ဟုတ်ပြီ . . . ဒါဆို ဗိုလ်ကြီးထွန်းကျော် နဲ့ တပ်စုက ရွာအောက်ဘက် တောတန်းထဲကို လိုက် . . . ဒီကောင်တွေ အောက်ဘက် ဆင်းပြေးတာပဲနေမယ် . . . ကိုယ်ဝန်ဆောင်ပါတော့ အရမ်းကြီးမပြေးနိုင်လောက်ဘူး . . . တွေ့တာနဲ့ နှစ်ယောက်လုံးကို ရှင်းလင်းပစ်ခဲ့ . . . ငါတို့ရောက်နေတာ သတင်းပေါက်လို့မဖြစ်ဘူး”
“ဟုတ်ကဲ့ . . . ဗိုလ်မှူး”
စစ်ကြောင်းတစ်ကြောင်းက ထွက်ခွာသွားသည်။
“လက်ပြန်ကြိုးတုပ်စမ်း”
ဗိုလ်မှူးကျော်တင့်နှင့် မတင်စိန်တို့ကို လက်ပြန်ကြိုးတုပ်လိုက်ကြ၏။
“ဒီနားမှာ လာဒူးထောက်ခိုင်း”
တပ်ရင်းမှူးလဗျတ်နောင် က ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်သည်။
“ခင်ဗျားတို့ အရှေ့ဖျားစခန်းမှာရှိတဲ့ လူစာရင်းရယ်၊ သူတို့ ဘယ်ဘက်ကို ဆုတ်ခွာသွားတာလဲဆိုတာရယ်၊ ဒီဘက် ရွာစဉ်တစ်လျှောက်က ခင်ဗျားတို့ပါတီရဲ့ ကျောရိုးတွေစာရင်းရယ်ကို ကျုပ်သိချင်တယ် . . . ဒါတွေ သိရရင် . . . ခင်ဗျားရော၊ ခင်ဗျားမိန်းမကိုပါ မသတ်ဘူး . . . မြို့ပေါ်ခေါ်သွားပြီး အမှုရင်ဆိုင်ရုံပဲ . . . ဘယ့်နှယ့်လဲ”
“ဟ . . . ဟ”
ဗိုလ်မှူးကျော်တင့် က ရယ်လိုက်သည်။
“ဘာရယ်တာလဲ . . . ခင်ဗျားက ဘာရယ်တာလဲ . . . ခွေးသူတောင်းစားကွန်မြူနစ် . . . ရယ်စမ်း . . . ရယ်စမ်း”
တပ်ရင်းမှူးက ဗိုလ်မှူးကျော်တင့်၏ မျက်နှာကို သူ၏ စစ်ဖိနပ်ဖြင့် သုံးလေးချက် ဆင့်ကန်လိုက်၏။
“ဟေ့ . . . စစ်ခွေး . . . သတ်လေ . . . ငါ့လင်ကို နှိပ်စက်မနေနဲ့ . . . သတ္တိရှိရင် . . . ငါတို့ကိုသတ်လိုက်”
မတင်စိန်က အံကိုကြိတ်လျက် အော်လိုက်၏။
“ကောင်မ . . . နင်ပါ သေရမယ် . . . လာစမ်း”
လဗျတ်နောင်က မတင်စိန်၏ ဆံပင်ရှည်တို့ကို ဆွဲလိမ်ကာ ရေချိုးသည့် စဉ့်အိုးရှိရာသို့ တရွတ်တိုက်ဆွဲသွား၏။
“ဟေ့ကောင်တွေ . . . ချုပ်စမ်း . . . ဒီကောင်မကို”
စစ်သားနှစ်ဦးက မတင်စိန်ကို ချုပ်လိုက်သည်။
လဗျတ်နောင်က မတင်စိန်၏ ခေါင်းကို စဉ့်အိုးထဲ နှစ်လိုက်၏။
“ပြောစမ်း . . . ပြောစမ်း . . . ဒီရွာထဲက ဗကပ ကျောရိုးတွေ ဘယ်သူတွေလဲ . . . ပြောစမ်း . . . နင်တို့ စစ်ကြောင်းတွေ ဘယ်မှာ ပုန်းနေတာလဲ . . . ပြောစမ်း”
ထို့နောက် ခေါင်းကို စဉ့်အိုးထဲမှ ပြန်ဆွဲထုတ်လိုက်သည်။
“ဟေ့ကောင် . . . ကျော်တင့် . . . မင်းမယားကို ရေနစ်သတ်ပစ်မယ်ကွ . . . ပြောစမ်း . . . ငါတို့မေးတာ ဖြေစမ်း”
“ထွီ . . . ခွေးတွေ . . . ငါတို့က ယုံကြည်ချက်နဲ့ လူထုလူတန်းစားအတွက် တော်လှန်နေတာကွ . . . သေရဲတယ်ကွ”
“ဟာ . . . ဒီကောင်”
လဗျတ်နောင်က ပြေးသွားပြီး ဗိုလ်မှူးကျော်တင့် မျက်နှာကို ဖြတ်ကန်လိုက်ပြန်သည်။
ဗိုလ်မှူးကျော်တင့် မျက်နှာတွင် အသွေးအလိမ်းလိမ်းနှင့်။
“ဆရာကြီး”
လဗျတ်နောင် အချက်ပြလိုက်သည်နှင့် တပ်ကြပ်ကြီးက စစ်သုံးဓားမြှောင်ကို ထုတ်လိုက်သည်။
ထို့နောက် ဗိုလ်မှူးကျော်တင့် ၏ လက်ဖဝါးကို ကိုင်ကာ စိုက်ချလိုက်၏။
“အား . . . ”
အော်သံနက်ကြီးကြောင့် ထပ်ခိုးတွင် ဘေးတစောင်းပုန်းနေရသော ကြည်ကြည်က ခေါင်းထောင်လာသည်။
မောင်ရိန်က ကြည်ကြည်၏ ခေါင်းကို အသာပြန်ဖိထားလိုက်၏။
“မကြည့်နဲ့ . . . ကြည် . . . မကြည့်နဲ့”
မောင်ရိန်အသံက ခပ်တိုးတိုးဆိုသော်လည်း တုန်ရီနေသည်။
အောက်ဘက်မှ မြင်ကွင်းကို ကြည့်ပြီး စတင်းဂန်းကို လက်မှ ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
“ပြော . . . ကောင်မ . . . မဟုတ်ရင် . . . နင့်ရှေ့တင် နင့်လင်ကို ဒီထက်ဆိုးအောင် လုပ်ပြီး သတ်ပြမယ်”
“ဟေ့ . . . စောက်ကြောက်တွေ . . . ငါ့ကို လာသတ်လိုက်စမ်း . . . ဒီမယ် . . . ငါက ထားဝယ်အမျိုးသမီးသမဂ္ဂ ခေါင်းဆောင် တင်စိန်ပဲ . . . အင်္ဂလိပ်ကိုလည်း ဆန့်ကျင်ခဲ့တယ် . . . ဂျပန်ကိုလည်း ငါတို့ကိုယ်တိုင် ပါဝင်တိုက်ခဲ့တာပဲ . . . သခင်မ မတင်စိန်တဲ့ဟေ့ . . . ငါတို့ အမျိုးသမီးတွေဟာ နင်တို့လိုမိစ္ဆာတွေအောက် ဘယ်တော့မှ ဒူးမထောက်ဘူးဆိုတာ ဒီနေ့ နင်တို့ သိအောင် ပြမယ် . . . ငါတို့ကို သတ်လို့လည်း ဒီအာဏာရှင်တော်လှန်ရေးဟာ ပြီးဆုံးမသွားဘူး . . . တစ်ယောက်သေရင် နှစ်ယောက်ထပ်ပေါ်လာမယ်”
“ဟာ . . . ဒီကောင်မ . . . စောက်စကားများလိုက်တာ.ဟေ့ကောင်တွေ ရေနစ်သတ်ကွာ . . . ကြာတယ်”
စစ်သာများက မတင်စိန်၏ ခေါင်းကို ရေထဲသို့ နစ်လိုက်ကြပြန်သည်။
ဗိုလ်မှူးကျော်တင့်က ရှိသမျှအားဖြင် ရုန်းထဖို့ကြံသော်လည်း . . . စစ်သားများက သေနတ်ဒင်များနှင့် ဝိုင်းဝန်းထုကြ၏။
အဖြစ်အပျက်အသံများကို ကြားနေရသည့် ကြည်ကြည်က ရုန်းကန်ပြီး ထရန်ပြင်သည်။
“ကြည်ကြည် . . . မလုပ်နဲ့ . . . ဗိုက်ထဲက ကလေးကို သနားပါ . . . အခုအချိန်မှတော့.ဘာမှအကျိုးမရှိဘူး”
မောင်ရိန်က ကြည်ကြည်၏ လက်များကို ချုပ်ထားလိုက်၏။
စဉ့်အိုးထဲ ခေါင်းနှစ်ခံရသော မတင်စိန်၏ ခြေလက်များမှာ ရုန်းကန်နေရင်းမှ တဖြည်းဖြည်း ငြိမ်ကျသွား၏။
“တင်တင် . . . ခွေးမသားတွေ . . . တင်တင်”
“ဒိန်း”
တပ်ရင်းမှူးလဗျတ်နောင်၏ လက်ထဲမှ ပစ္စတိုသံ။
ဗိုလ်မှူးကျော်တင့်မှာ သွေးအိုင်ထဲတွင် မှောက်လျက်။
“ဟေ့ . . . ဆက်သွယ်ရေး . . . တပ်မကို စာတိုနဲ့ ပို့စမ်း . . . ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်.သခင်ဗသိန်းတင်ရဲ့ ညီ အရင်း ကျော်တင့် နဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂအတွင်းရေးမှူး မတင်စိန်တို့ကို ခလရ(၂၅)တပ်ရင်းမှူးကိုယ်တိုင် အသေရှင်းလင်းနိုင်လိုက်ကြောင်း”
တနင်္သာရီတိုင်း၏ အရေးပါလှသော ခေါင်းဆောင်လင်မယားနှစ်ဦးသည် တော်လှန်ရေးကောင်စီစစ်အစိုးရ၏ ထားဝယ်ခရိုင်အတွင်း ပထမဆုံးစစ်ဆင်ရေးတွင်ပင် ကျဆုံးခဲ့ရသည်။
ဗိုလ်မှူးကျော်တင့်သည် အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးတို့တွင် ပါဝင်လာပြီး ၁၉၄၈ မတ်လတွင် ဗမာပြည်ကွန်မြူနစ်နှင့်အတူ ပထမဆုံးတောခိုလာသူဖြစ်၏။
ကျဆုံးချိန်တွင် ဗိုလ်မှူးကျော်တင့်မှာ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး . . . ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မတင်စိန်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်သည်။
……………………………………………..
“ပလောက် . . . ပလောက် . . . ပလောက် . . . ဖောင်း . . . ဖောင်း . . . ဖောင်း”
အော့က္လော့ဝပ်ရွာ အောက်ဘက် တောတန်းဆီမှ အပြန်အလှန်ပစ်ခတ်သံများ ထွက်လာကြသည်။
စစ်သားနှစ်ယောက်က ခြံဝန်းအတွင်းသို့ ပြေးဝင်လာကြ၏။
“ဗိုလ်မှူး . . . ဒီရွာအောက်ဘက်မှာ ကျွန်တော်တို့ကို ရန်သူ့တပ်တွေ ဝိုင်းပစ်တာ ခံနေရပါတယ်”
တပ်ရင်းမှူ လဗျတ်နောင်က အလန့်တကြားမတ်တတ်ထရပ်လိုက်သည်။
“ဗိုလ်ကြီးထွန်းကျော်လည်း ထိထားပါတယ် . . . အခြေအနေမကောင်းဘူး”
“ခုချက်ချင်း ထွက်ဖို့လုပ်ဟေ့”
တပ်ရင်းမှူးလဗျတ်နောင် ခေါင်းဆောင်သည့် တပ်မှာ အော့က္လော့ဝပ်ရွာ အပြင်ဘက်ဆီသို့ ကမန်းကတန်းထွက်ခွာသွားကြသည်။
ရွာကလေးမှာ ထိတ်လန့်ဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်သွားကြ၏။
ကြည်ကြည်မှာ သူ့ပါးစပ်ကို ပိတ်ထားသည့် မောင်ရိန်၏ လက်ကို ကိုက်ထားရာမှ လွှတ်လိုက်သည်။
ထို့နောက် ထပ်ခိုးပေါ်ရှိ အပေါက်ကို အသာလှပ်ကြည့်လိုက်၏။
မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာလှဲလျောင်းနေကြသော ခေါင်းဆောင်နှစ်ဦး။
လွန်ခဲ့သော နာရီပိုင်းကမှ သူတို့နှင့်အတူ ရှိခဲ့သော သူနှစ်ယောက်။ ယခုတော့။ သူတို့မျက်စိရှေ့တွင် ရက်စက်စွာ အသတ်ခံခဲ့ရပြီ။
ကြည်ကြည်က အံကို ကြိတ်ကာ အိခနဲ ငိုချလိုက်သည်။
မြင်ကွင်းကို ကြည့်ကာ မောင်ရိန်က တောက်ခေါက်လိုက်၏။
“အချိန်မရဘူး . . . ကြည် . . . သူတို့ ရွာထဲ ပြန်ဝင်မလာခင် . . . ကိုယ်တို့ ပြေးမှရမယ်”
ခက်ဇော်