BREAKING
September 21, 2024

တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်၍ ရေယာဉ်များ ထွက်ခွင့်မပေး

July 29, 2024

ပုံစာ - ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်ပြေးဆွဲခဲ့ဖူးသည့် အ‌မြန်ရေယာဉ်တစ်စီးအား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီတိုင်းပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ရေယာဉ်များ ပင်လယ်ပြင်မထွက်ကြရန် စစ်ကောင်စီ၏ တိုင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရေကြောင်း) က ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် စာထုတ်တားမြစ်ထားသည်။

မိုးဇလဌာနက ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ပင်လယ်ပြင်တွင် တစ်နာရီလေတိုက်နှုန်းမှာ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်မည်ဖြစ်သည့်အတွက် လှိုင်းကြီးမည်ဖြစ်ကြောင်း ရေကြောင်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များ လုံးဝထွက်ခွာခွင့် မပြုကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရေကြောင်းဌာန၏ ထုတ်ပြန်ချက်တွင် ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုမည့်ရက်ကို ဖော်ပြထားခြင်းမရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပင်လယ်ပြင်၌ လေပြင်းများတိုက်ခိုက်နေပြီး လှိုင်းလည်းကြီးနေကြောင်း ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျွန်းတွင် နေထိုင်သည့် ရေလုပ်သားတစ်ဦးက ဇူလိုင်လ ၂၉ ရက် ည ၇ နာရီတွင် ပြောသည်။

“လေပြင်းတော့တိုက်နေတာပဲ။ လှိုင်းကလည်း ကြီးတယ်။ မိုးလည်းရွာနေတာပဲ” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် မြိတ်နှင့် ကျွန်းစုမြို့နယ်သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များကိုမူ ပြေးဆွဲခွင့်ပြုကြောင်း ဖော်ပြထားသည်။

သို့ရာတွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ခရီးသည်များကို ရေယာဉ်အတွင်း၌သာ စီးနင်းကြရန်နှင့် ခေါင်မိုးပေါ် မစီးကြရန်လည်း နှိုးဆော်ထားသည်။