BREAKING
October 18, 2024

ထိုင်းတွင် မြန်မာလုပ်သား ၆၀ကျော်ကို နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရ၊ အထောက်အထားလည်း အသိမ်းခံရ

July 29, 2024

ပုံစာ - ‘စူထန်ဖာလာ၀ု’ သစ်စက်လုပ်ငန်းအား မြင်တွေ့ရစဉ်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဒွန်းစပ်မြို့ရှိ သစ်စက်တွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံလိုက်ရကြောင်း မြန်မာလုပ်သားအချို့ထံမှ သိရသည်။

‘စူထန်ဖာလာဝု’ ဟုခေါ်သည့် အဆိုပါစက်ရုံတွင် ယခုနှစ် မတ်လမှစကာ အလုပ်အမှာစာ (အော်ဒါ) လျော့နည်းလာပြီး အလုပ်လုပ်ရသည့်ရက် နည်းလာရာ ဇူလိုင်လ လလယ်ပိုင်းတွင် အလုပ်လုံးဝမရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။

ထို့နောက် ပြီးခဲ့သည့် ၇ ရက်ခန့်က အလုပ်သမားများကို အစည်းအဝေးခေါ်ပြီးနောက် အလုပ်ရုံရပ်နားလိုက်ပြီဟု အလုပ်ရှင်က ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

အဆိုပါ သစ်စက်တွင် မြန်မာအလုပ်သမား ၆၀ ကျော်ရှိပြီး အလုပ်ရှင်က နစ်နာကြေးတစ်စုံတစ်ရာမပေးဘဲ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အပြင်မှာ လုပ်ချင်တဲ့သူ အပြင်မှာ ထွက်လုပ်ဖို့ပြောတယ်။ သူဌေးအသစ်ပြန်ရှာခိုင်းတယ်။ အလုပ်ထုတ်လိုက်တဲ့အတွက် နစ်နာကြေးကို သူဌေးက ဘာမှမပြောဘူး။ စက်ရုံလည်ပတ်လို့ မနိုင်တော့ဘူးပြောပြီး ထုတ်လိုက်တာပဲ”ဟု အလုပ်ထုတ်ခံရသည့် အလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်ရပ်နားခံရသည့် အလုပ်သမားများကို အလုပ်ရုံရှိ နေအိမ်တန်းလျားများတွင် ဆက်နေခွင့်ပြုထားပြီး ရေဖိုး၊ လျှပ်စစ်မီးဖိုးကိုမူ အလုပ်သမားဘက်က ပေးချေရမည်ဟုပြောကြောင်း ၎င်းက ဆိုသည်။

အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားများမှာ လုပ်သက် ၆ နှစ်အထိ ရှိသူအများစုရှိပြီး ၎င်းတို့ကိုလည်း နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအလုပ်သမားက ဆက်လက်ပြောဆိုသည်။

အလုပ်အထုတ်ခံရသော အလုပ်သမားအများစုမှာ ထားဝယ်နှင့် ရခိုင်ဒေသခံအများစုဖြစ်သည်။

ထိုအလုပ်သမားများအနက် အလုပ်ရှင်ကို ပေးရန်အကြွေးရှိသူများ၏ နိုင်ငံကူးလက်မှတ်ကဲ့သို့ အထောက်အထားများကိုလည်း သိမ်းဆည်းခံထားရကြောင်း အလုပ်သမားအချို့က ဆိုသည်။

အထောက်အထားများ သိမ်းဆည်းခံထားရသဖြင့် ပြင်ပတွင် အခြားအလုပ်ရှာရန် အခက်တွေ့နေရကြောင်း အထောက်အထားအားလုံး အသိမ်းခံထားရသည့် အလုပ်သမားတစ်ဦးက ပြောဆိုသည်။

“အပြင်သူဌေး (တခြားအလုပ်ရှင်) က ဗီဇာတွေမေးရင် မေးရင် ပြဖို့မရှိဘူး။ ထိုင်းမှာကလည်း အထောက်အထားမရှိရင် အလုပ်မခေါ်တာများတယ်”ဟု ၎င်းက ပြောသည်။

အလုပ်ရှင်ထံပေးရန် အကြွေးကျန်နေသဖြင့် အထောက်အထားသိမ်းဆည်းခံထားရသည့် အလုပ်သမားဆယ်ဦးဝန်းကျင် ရှိနေကြောင်း အထက်ပါအလုပ်သမားက ဆိုသည်။

သစ်စက် ရပ်နားလိုက်နားလိုက်ပြီး အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

သစ်စက်မရပ်နားမီ နောက်ဆုံးလစာထုတ်ချိန်က သူဌေးဖြစ်သူထံ ပေးရမည့်အကြွေးအားလုံးကို နုတ်ယူထားခဲ့သည့်အတွက် လက်ထဲတွင် ဘတ်တစ်ထောင်ဝန်းကျင်သာ ကျန်တော့ကြောင်း မိသားစုသုံးဦးရှိသည့် အခြားအလုပ်သမားတစ်ဦးက ဆိုသည်။

ထို့ကြောင့် လက်ရှိတွင် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့မှာ စားဖို့တောင်မရှိတော့လို့ ပင်ပန်းနေတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

အလုပ်ရှင်က အလုပ်ရပ်နားမည်ဆိုပါက ထိုင်းနိုင်ငံ၏ ဥပဒေအရ လုပ်သက်အလိုက် နစ်နာကြေးပေးရမည်ဖြစ်ကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) က ကိုမုန်တိုင်းက ပြောသည်။

“ထိုင်းမှာက အလုပ်သမားတစ်ယောက်ကို သုံးလ အစမ်းခန့်ခွင့်ရှိတယ်။ သုံးလကျော်သွားပြီဆိုရင်တော့ အကြောင်းမဲ့ အလုပ်ထုတ်ပိုင်ခွင့် မရှိတော့ဘူး။ လုပ်သက်အလိုက် နှစ်အလိုက်လျော်ကြေး ပေးကို ပေးရမယ်။ ဒါဥပဒေထဲကို ပြဋ္ဌာန်း ထားတယ်” ဟု ကိုမုန်တိုင်းက ဆိုသည်။

အလုပ်သမားတစ်ဦးသည် သုံးလမှ တစ်နှစ်အထိ လုပ်သက်ရှိပါက နစ်နာကြေးအဖြစ် လုပ်အားခ တစ်လစာ၊ တစ်နှစ်မှ သုံးနှစ်အထိ လုပ်သက်ရှိပါ ၃ လစာ၊ သုံးနှစ်မှ ခြောက်နှစ်အထိ လုပ်သက်ရှိပါက ၆ လစာ စသဖြင့် နစ်နာကြေးရပိုင်ခွင့်ရှိ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဥပဒေထုတ်ပြီး ပြဋ္ဌာန်းထားသည်။

ထိုသို့အလုပ်ရပ်နားပါက နစ်နာကြေးပေးရမည်ဟု သိရှိသော်လည်း ကူညီဆောင်ရွက်ပေးမည့် အလုပ်သမားအဖွဲ့အစည်းများ မရှိခြင်းနှင့် အလုပ်ထုတ်ခံရသည့်အလုပ်သမားများအကြား ညီညွတ်မှုမရှိခြင်း စသည့် အခက်အခက်များရှိကြောင်း အလုပ်ရပ်နားခံရသည့် အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများကိုလည်း အလုပ်သမား၏ ခွင့်ပြုချက်မရှိဘဲ အလုပ်ရှင်က သိမ်းဆည်းပိုင်ခွင့်မရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလုပ်သမား၏ စာရွက်စာတမ်းအထောက်အထားများ သိမ်းဆည်းခံထားရပါက ထိုင်းနိုင်ငံ၏ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ဖြစ်စေ၊ မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ ဖြစ်စေ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည်။