BREAKING
October 18, 2024

ထိုင်းအစိုးရက မြန်မာကို လူသားချင်းစာနာမှုအကူအညီ ဘတ်ကိုးသန်းထောက်ပံ့မည်

July 29, 2024

ပုံစာ - ပြီးခဲ့သော မတ်လက အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံသို့ လူသားချင်းအကူအညီများ ပေးအပ်နေစဉ်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေးအတွက် ဘတ်ကိုးသန်း တန်ဖိုးရှိသော လူသားချင်းစာနာမှု အကူအညီများ ထိုင်းနိုင်ငံက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

လာအိုနိုင်ငံတွင် ကျင်းပသော ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးအပြီး ဇူလိုင်လ၂၈ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr Maris Sangiampongsa က ပြောဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) ကို အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ (ဘတ် ၉ သန်းခန့်) ကို ပေးအပ်သွားမည်ဖြစ်ကြောင်း အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော မတ်လက ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA Centre) ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီများကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

AHA Centre သည် မြန်မာ့အကျပ်အတည်းကြား ဒုက္ခရောက်နေသူများကို လူသားချင်းစာနာမှုအကူအညီများ ပေးအပ် နေသော အဓိကအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ယခုထောက်ပံ့ပေးမည့် အကူအညီများသည် မြန်မာနိုင်ငံသားများထံ မှန်မှန်ကန်ကန် ရောက်ရှိရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

နောက်ထပ် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း အားလုံးပါဝင်သော အပြုသဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန် အလွတ်သဘောဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက အဆိုပြုခဲ့ပြီး အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားနိုင်ငံများကလည်း ထောက်ခံခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ တရုတ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအပြင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရေးပါဝင်နေသည်။

ပြီးခဲ့သော မတ်လကလည်း မြန်မာနိုင်ငံ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီများကို စစ်ကောင်စီအစိုးရ၏ ကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်းပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားကတစ်ဆင့် ပေးပို့ခဲ့သည်။

ယခုထောက်ပံ့မှုသည် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ကို ပေးအပ်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ မည်သို့ ကူညီထောက်ပံ့ပေးမည်ဆိုသည်ကိုမူ အသေးစိတ် ကြေညာထားခြင်းမရှိသေးပေ။

Ref: Bangkok Post