BREAKING
November 26, 2024

တနင်္သာရီမြစ်ရေမှာ အန္တရာယ်အမှတ်အထက် သုံးပေကျော်အထိ မြင့်တက်

July 29, 2024

ပုံစာ - တနင်္သာရီမြို့ မြစ်ရေတက်နေမှုအခြေအနေမြင်ကွင်း။

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေသည် အန္တရာယ်အမှတ်အဖြစ် သတ်မှတ်ထားသည့် အမြင့်ပေထက် ၃ ပေကျော်ခန့် မြင့်တက်နေပြီ ဖြစ်ကြောင်း သိရသည်။

အန္တရာယ်အမှတ် ၂၄ ပေ ကို ဇူလိုင်လ ၂၇ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး ယနေ့‌ ဇူလိုင်လ ၂၉ ရက် နံနက်တွင် ၂၇ ပေ ၇ လက်မ သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

မြစ်ရေတိုးလာသဖြင့် မြို့၏ ရေတံခါးများမှ ရေစုပ်ထုတ်နေသည့် အစီအစဉ်ကို ရပ်နား၍ မြို့တွင်းသို့ ရေစသွင်းနေပြီဖြစ်ကြောင်း၊ ရွှေ့ပြောင်းသူများလည်း ရေလွှတ်ရာသို့ ရွှေ့ပြောင်းပြီးဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။

“ရွှေ့ပြောင်းတဲ့သူတွေ အများစု ရွှေ့ပြီးပြီ ၊ ကုန်းမြင့်ပိုင်းက ဘုန်းကြီးကျောင်း ၂ ကျောင်း နဲ့ အမက ကျောင်းတစ်ကျောင်းမှာ ရေဘေးကယ်ဆယ်ရေးစုရပ် လုပ်ထားတယ်” ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။

တနင်္သာရီမြို့အတွင်းဝင်ရောက်နေသည့် ရေအမြင့်မှာ ယနေ့နံနက်တွင် ၁၈ ပေ ၆ လက်မကျော်ရှိနေပြီး မြစ်ရေသည် ၂၇ ပေ ၇လက်မဖြစ်၍ မြို့တွင်းမြို့ပြင်ကွာခြားချက် ၉ ပေကျော်ရှိနေသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၁ ရက်ကစ၍ ရေစတက်ခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် စိုးရိမ်ရေမှတ် ၁၇ ပေရောက်ခဲ့သဖြင့် မြစ်နှင့်နီးကပ်သည့် ရပ်ကွက်အချို့စတင်ရေကြီးခဲ့သည်။

ရေကြီးရေလျှံဖြစ်ပေါ်နေသည့် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကန့်သတ်နယ်မြေများဖြစ်နေ၍ အကူအညီပေးရေးအတွက် အချိတ်အဆက်မမိဖြစ်နေကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှသိရသည်။

တနင်္သာရီမြစ်ရေသည် ၁၉၉၄ ခုနှစ် တွင် ၃၆ ပေ ၄လက်မ ၊ ၂၀ဝ၆ ခုနှစ် ပေ ၃ဝ ကျော် နှင့် ၂၀၁၈ ခုနှစ် တွင် ၂၇ ပေ ၃ လက်မ အထိရောက်ခဲ့ပြီး ယခုနှစ်ရောက်ရှိသည့် ၂၇ ပေ ၇လက်မသည် ၁၉၉၄ ခုနှစ်နောက်ပိုင်း တတိယစံချိန်ဖြစ်သည်ဟု မြို့ခံများထံကသိရသည်။