BREAKING
December 27, 2024

ကံပေါက်တွင် ဘေးတွဲနှင့် မြေသယ်ကားတိုက်၍ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

July 29, 2024

ပုံစာ - ကံပေါက်ဈေးအနီး ယာဉ်ကြောပိတ်နေသည့်မြင်ကွင်း(ပုံဟောင်း) ဓာတ်ပုံ - Freedom Kanbauk

စစ်ကောင်စီတပ်က ဆိုင်ကယ်စီးခွင့် ပိတ်ထားသဖြင့် ဘေးတွဲများဖြင့်သာ သွားလာနေရသည့် ရေဖြူမြို့နယ်၊ ကံပေါက် ဒေသတွင် ဘေးတွဲဆိုင်ကယ်နှင့် မြေသယ်ကားတစ်စီး တိုက်မိ၍ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းရွာထိပ် ဝန်ကြီးချုပ်ဦးဗဆွေ ပန်းခြံအနီးတွင် ဇူလိုင်လ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဘေးတွဲတွင်လိုက်ပါလာသည့် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကို နှင့် အသက် ၄ဝ ကျော်အရွယ် ကိုဝေဖြိုး တို့နှစ်ဦး နေရာတွင်ပင်သေဆုံးခဲ့သည်။

ဘေးတွဲတွင်လိုက်ပါလာသော ကျန်နှစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် ကိုကျော်ခန့်မှာ ဘယ်ဘက်ပေါင်ကျိုးသွားပြီး ၃၃ နှစ် အရွယ်ကိုဖြိုးစည်သူမှာ အစာအိမ်ကို ထိခိုက်သွားကြောင်း၊ ယနေ့ ဇူလိုင်လ ၂၉ ရက်မနက်တွင် ကံပေါက်ဆေးရုံမှ တစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေရကြောင်း ဒေသအခြေစိုက် ပရဟိတအသင်းထံကသိရသည်။

“ဘေးတွဲက ကံပေါက်ဘက်ကအလာ အုန်းပင်ကွင်းကထွက်လာတဲ့ မြေသယ်ကားနဲ့ ပန်းခြံအဆင်း တောင်ကုန်းမှာ တိုက်ကြတယ်။ ဖြစ်ပြီးပြီချင်း ဆေးရုံကားတွေခေါ်ပြီး ကံပေါက်ကိုပို့လိုက်တယ်” ဟု ဖြစ်စဉ်အနီး မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးကပြောသည်။

ဘေးတွဲဆိုင်ကယ်တွင် လိုက်ပါလာသူများသည် ဒေသခံများမဟုတ်ဘဲ ခဲသတ္တုမိုင်းများတွင် အလုပ်လာလုပ်သူများဖြစ်ကြသည်ဟု ဒေသခံတို့ကဆိုသည်။

ကံပေါက်ဒေသတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစ၍ မောရဝတီရေတပ်က ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားပြီးနောက် ဘေးတွဲတိမ်းမှောက်မှုကြောင့် သေဆုံးသူ အမျိုးသားတစ်ဦး နှင့် ဘေးတွဲယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး စုစုပေါင်းလေးဦးသေဆုံးပြီးဖြစ်သည်။

မောရဝတီရေတပ်က ဆိုင်ကယ်စီးခွင့်လုံးဝပိတ်ထားသဖြင့် ကံပေါက်ဒေသတွင် ဘေးတွဲဆိုင်ကယ်ကိုသာ အသုံးပြုနေရပြီး လမ်းဧရိယာမလုံလောက်မှုကြောင့် ယာဉ်ပိတ်ဆို့မှုလည်း မကြာခဏကြုံရကြောင်း ဒေသခံများထံကသိရသည်။