BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

June 29, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ

ရှမ်းမြောက်မှာ ၁၀၂၇စစ်ဆင်ရေး တစ်ကျော့ပြန်စတင်

တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းလို့ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်မှာ ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် ဖြစ်ပွားပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းထားချိန် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာ၊ အရပ်သားပြည်သူတွေ သေဆုံံးဒဏ်ရာရတာတွေကြောင့် အခုလို တစ်ကျော့ပြန်တိုက်ပွဲဖြစ်ရတာလို့ TNLA ဘက်က ပြောဆိုထားပါတယ်။

တအာင်းတပ် တပ်မဟာ (၂) စစ်ဒေသဖြစ်ပြီး လားရှိုးနဲ့ မန္တလေးကြားက မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ ဇွန်လ ၂၉ရက် မွန်းလွဲပိုင်းအထိ စစ်ကောင်စီ တပ်စခန်း ၃၀ထက်မနည်းကို တအာင်းတပ်က သိမ်းယူထားပါတယ်။ နောင်ချိုမှာဆိုရင် နောက်ဆုံးကျန်ရှိတဲ့ ခမရ ၆၀၆ တပ်ရင်းကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ TNLA က ဆိုပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်တွေ ပူးပေါင်း ပါဝင်နေပါတယ်။ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ တပ်စခန်းသုံးခုကို သိမ်းယူထားသလို ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်ကိုလည်း အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။ မိုးကုတ်နဲ့ ကျောက်မဲမြို့နယ်က စစ်ကောင်စီစခန်းအများစုနဲ့ စစ်လက်နက်ခဲယမ်းများစွာကို သိမ်းယူထားနိုင်သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးလည်း လက်နက်ချခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတယ်လို့ ဆိုပါတယ်။ မြို့ပေါ်နဲ့ လူနေကျေးရွာတွေ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခံရတာနဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ ဆယ်နဲ့ချီ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေ များစွာလည်း ရှိနေပါတယ်။

……………………………………..

မြန်မာပြည်သူ သန်း၄၀ကျော် ဆင်းရဲမွဲတေ

မြန်မာပြည်သူ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတယ် ဒါမှမဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ နီးစပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်တာအတွင်းမှာ လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး နိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ ၁၃ ဒသမ ၃သန်းဟာလည်း စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဇွန်လအတွင်းမှာပဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာဆိုရင်လည်း မြန်မာ့လူဦးရေ သုံးပုံတစ်ပုံဟာ ဆင်းရဲနွမ်းပါးပြီး နောက်ထပ်သုံးပုံတစ်ပုံဟာလည်း ဆင်းရဲနွမ်းပါးနိုင်ခြေမြင့်မားနေတယ်လို့ ဖော်ပြပါတယ်။ ငွေကြေးဖောင်းပွဲမှုနဲ့ အလုပ်လက်မဲ့ နှုန်းဆက်လက်မြင့်တက်ဖွယ်ရှိတာကြောင့် ဆင်းရဲမှုအခြေအ​နေ ဆက်လက်ဆိုးရွားနေဦးမယ်လို့လည်း ဆိုပါတယ်။

……………………………………..

ဆန်ကုန်သည်တွေကိုဖမ်းပြီး ဆန်စျေးထိန်းဖို့ စစ်ကောင်စီကြိုးပမ်း

ဆန်ကုန်သည်တွေကို ဖမ်းဆီးစစ်ဆေးတာ၊ ဆန်စက်တွေ၊ ဆန်ဆိုင်တွေကို ဖမ်းဆီးတာတွေလုပ်ပြီး စစ်ကောင်စီက ဆန်စျေးကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေလို့ ဆန်စျေးတွေ ကမောက်ကမဖြစ်ပြီး မှောင်ခိုစျေးကွက်ကို ဦးတည်နေပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ အပါအဝင် ရန်ကုန်၊ ဧရာဝတီတို့က ထိပ်တန်း ဆန်ကုန်သည်တွေကို ဇွန်လ တတိယ အပတ်မှာ ခေါ်ယူထိန်းသိမ်း စစ်ဆေးတာ၊ ဆန်စက်တွေကို ချိပ်ပိတ်တာတွေ လုပ်ဆောင်လာတာပါ။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အသင်းချုပ်က သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ စျေးကွက်မှာ ရောင်းချတဲ့ စျေးနှုန်းတွေ များစွာကွာဟပြီး စျေးမြင့်တက်နေချိန်မှာ ရွှေသမား၊ ဒေါ်လာသမားတွေကို လုပ်ဆောင်ခဲ့သလို ဖမ်းဆီးအရေးယူတဲ့ နည်းနဲ့ စစ်ကောင်စီက စျေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာပါ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်တဲ့ နှုန်းထားအတိုင်း ရောင်းချရမယ်ဆိုလို့ ဆန်ဆိုင်တွေ အရောင်းရပ်တာ၊ အကန့်အသတ်နဲ့ပဲ ရောင်းတာတွေ လုပ်ဆောင်လာပါတယ်။ အသင်းချုပ်စျေးနဲ့ ပြင်ပပေါက်စျေးဟာ ဆန်ချော တစ်အိတ်ကို ကျပ်ငါးသောင်းထက်မနည်း ကွာဟနေတာပါ။ စျေးဝယ်စင်တာတွေမှာဆိုရင် ဆန် တင်မရောင်းတော့တဲ့အတွက် စစ်ကောင်စီက ဖိအားပေးတာတွေ ရှိနေတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာဆိုရင် အိမ်ထောင်စုတစ်ခုကို ဆန်ချော၊ ဆန်ကြမ်း တစ်အိတ်စီ ဝယ်ခွင့်ပေးပြီး အိမ်ထောင်စုစာရင်း၊ မှတ်တင်တွေ ပြပြီး တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။

ဖမ်းဆီးအရေးယူခံရမှာ စိုးရိမ်လို့ လတ်တလောမှာ စစ်ကောင်စီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းနေကြပေမယ့် ကျပ်ငွေတန်ဖိုးထိုးကျပြီး အထွေထွေစရိတ်တွေ မြင့်တက်နေတာကြောင့် အခုစျေးနဲ့ ရေရှည်ရောင်းချဖို့ မဖြစ်နိုင်တာမို့ မှောင်ခိုစျေးကွက်ကို ဦးတည်သွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………..

မောင်တောမှာ ဂိုဒေါင်ဖောက်ထွင်းမီးရှို့ခံရမှု WFP ရှုတ်ချ

ရခိုင်မြောက်ပိုင်း မောင်တောမြို့မှာရှိတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရိက္ခာဂိုဒေါင် ဖောက်ထွင်း လုယက် မီးရှို့ခံခဲ့ရပြီး အဲဒီလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ WFP က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူခြောက်သောင်းကျော်အတွက် တစ်လစာ စားနပ်ရိက္ခာ သိုလှောင်ထားတဲ့ ဂိုဒေါင် ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတာဖြစ်ပြီး အဲဒီလုပ်ရပ်ကို ဘယ်သူတွေလုပ်တယ်ဆိုတာ မဖော်ပြဘဲ အသေးစိတ်ကို စုံစမ်းနေတယ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မထွက်ခင် တစ်နာရီလောက်အလိုကတော့ ရက္ခိုင့်တပ်တော် (AA) က WFP ဂိုဒေါင် ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်လို့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက ဂိုဒေါင်နဲ့ လူနေအိမ်တချို့ကို မီးရှို့ပြီး ဘိလပ်မြေလို့ ယူဆရတဲ့ အထုပ်တွေနဲ့ ခံစစ်ပြင်နေတယ်လို့ အဲဒီမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

ဇွန်လ ၂၇ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ရာမှာတော့ AA လုပ်ယက်ဖို့ ကြိုးပမ်းလို့ WFP က ဆန်အိတ်တွေကို မွတ်ဆလင်တွေက ယူပြီး စစ်ကောင်စီကို အပ်ခဲ့တာကြောင့် ဆန်အိတ်နှစ်ထောင်ကျော်ကို တစ်အိမ်ထောင်တစ်အိတ်နှုန်း ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။ ဂိုဒေါင်မီးလောင်တာကတော့ AA က Drop Boom ချလို့ဆိုပြီးလည်း စွပ်စွဲထားပါတယ်။ 

……………………………………..

သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့သွား

သမ္မတဟောင်း ဦးသိန်းစိန် အခမ်းအနားတစ်ခုတက်ဖို့ တရုတ်နိုင်ငံသို့ ဇွန်လ ၂၇ ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်တာ နှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ သွားရောက် တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုသွားရောက်တာကို စစ်ကောင်စီ ဒုဝန်ကြီးချုပ်လည်း ဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်တဲ့အဖွဲ့က လိုက်ပါပို့ဆောင်ခဲ့တာပါ။

အခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ခဲ့ပြီး ဦးသိန်းစိန်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဓာတ်ပုံတွေလည်း တွေ့ရပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အခမ်းအနားတစ်ခု တက်ဖို့ဆိုတာထက် ပိုတယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။ စစ်ကောင်စီရဲ့  သဘောထားကို ရှင်းပြဖို့ သွားတာဖြစ်သလို တရုတ်ကလည်း စစ်ကောင်စီကို နားဝင်အောင် ပြောနိုင်မယ့်သူဖြစ်လို့ ရွေးဖိတ်လိုက်တာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ တရုတ်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘေဂျင်းသို့ ဖိတ်ကြားတာမျိုး မရှိသေးပါဘူး။

……………………………………..

ငပလီလေဆိပ်ကို AA ထိန်းချုပ်လို့ သတင်းထွက်

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ငပလီကမ်းခြေက မဇင်လေဆိပ်ကို ရက္ခိုင့်တပ်တော် (AA) သိမ်းယူထိန်းချုပ်ထားတယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ငပလီကမ်းခြေအနီးမှာ ဇွန်လ ၂ ရက်နေ့ကနေ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဇွန်လ ၂၃ ရက်နေ့မှာတော့ ငပလီလေဆိပ်ကို AA သိမ်းယူနိုင်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ ငပလီ လေဆိပ်သိမ်းယူထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ဇွန်လ ၂၉ ရက် ညနေပိုင်းအထိ AA က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

သံတွဲအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ၅၆၆နဲ့ ၅၅ တပ်ရင်းတွေကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီးခုခံနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲတွေဟာ သံတွဲမြို့နားကပ်လာလို့ သံတွဲမြို့ခံတွေဟာလည်း မြို့ကိုစွန့်ခွာ ဧရာဝတီတိုင်းအစပ်က ဂွမြို့အပါအဝင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ငပလီလေဆိပ် မကျသေးဘူးလို့ ရေးသားနေကြပါတယ်။

အခုသီတင်းပတ်အတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့အတွက် အရေးပါတဲ့ တောဟိန်းတောင် ဗျူဟာကိုလည်း AA က သိမ်းယူနိုင်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မောင်တောမြို့ပေါ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………..