BREAKING
January 11, 2025

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီက ထောင်ငါးနှစ်စီချ

June 29, 2024

ဓာတ်ပုံ - Western News

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက်ကိုထက်အောင်နှင့် ညစောင့် ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်စီချမှတ်လိုက်ကြောင်း DMG ထံမှ သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၂ (က) ဖြင့် ဇွန်လ ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်ချခြင်းသည် သတင်းမီဒီယာများကို ဖိနှိပ်ရုံသာမက သတင်းလွတ်လပ်ခွင့်၊ သတင်းသမား ဘေးကင်းလုံခြုံခွင့်၊ ပြည်သူများ သတင်းမှန်သိပိုင်ခွင့်တို့အား ရိုက်ချိုးရာရောက်ကြောင်း DMG က ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးအား ထောင်ဒဏ် မတရားချမှတ်လိုက်ခြင်းအပေါ် ပြင်းထန်စွာကန့်ကတ်ရှုတ်ချကြောင်း ဖော်ပြသည်။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမားအားလုံးကို လွှတ်ပေးရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများက စစ်ကောင်စီကို ဖိအားပေးရန်လည်း DMG က တိုက်တွန်း တောင်းဆိုထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည်နေ့တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပသည့် ဆွမ်းဆန်စိန်း လောင်းလှူပွဲကို သတင်းဓာတ်ပုံရိုက်နေစဉ် ကိုထက်အောင် ဖမ်းဆီးခံရပြီး ယင်းနေ့တွင် DMG ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ ကိုစိုးဝင်အောင်လည်း ဖမ်းဆီးသွားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် စစ်တွေ အမှတ်(၁) ရဲစခန်းအချုပ်တွင် ချုပ်နှောင်ခံထားရစဉ် မိသားစုနှင့် တွေ့ဆုံခွင့် မပေးဘဲ စစ်ကြောရေးသို့ နှစ်ကြိမ်ထက်မနည်း ပို့ဆောင်ခံခဲ့ရကြောင်း DMG က ထုတ်ပြန်ထားသည်။

ယင်းနောက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် ချုပ်ရမန်ယူကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး ချုပ်ရမန်ပြည့်ချိန် တွင် ဆိုင်ကယ် ခိုးမှုဖြင့် စွပ်စွဲကာ ရမန်ကြီးတစ်ပတ် ထပ်ယူခဲ့ပြန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနောက် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ပြောင်းလဲအမှု ပြန်လှစ် ခဲ့ကြောင်း DMG ထံမှ သိရသည်။ DMG သတင်းဌာနက ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဖော်ပြခဲ့သည့် ‘လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များတောင်းဆို’ သတင်းနှင့် ပတ်သက်၍ ယင်းသို့ အမှုဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဆိုသည်။

တရားရုံးချိန်းများတွင် စစ်တွေအမှတ် (၁) ရဲစခန်းက တရားလို ရဲအုပ် ဗိုလ်ဗိုလ်ကျော် ရုံးချိန်းလာရန် အကြိမ်ကြိမ် ပျက်ကွက် ခဲ့ပြီး DMGသတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ကိုမူ ဖမ်းဆီးပြီး ရှစ်လအကြာတွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း DMG ထံမှ သိရသည်။

စစ်ကောင်စီသည် DMG သတင်းဌာန၏ အယ်ဒီတာချုပ်၊ အယ်ဒီတာ၊ သတင်းထောက်များအပါအဝင် ဝန်ထမ်း ၁၈ဦးကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ကာ တရာခံပြေးများအဖြစ်သတ်မှတ်ကြေညာထားကြောင်း DMG ၏ ထုတ်ပြန်ချက်အရ သိရသည်။