BREAKING
November 22, 2024

အမှောင်ခေတ်ထဲက လူငယ်တွေ

June 29, 2024

ဆန္ဒနဲ့ဘဝ ထပ်တူမကျပေမယ့် အားတင်းရင်း ထားဝယ်သားဖြစ်တဲ့ ကိုခိုင်စိုးတစ်ယောက် ရန်ကုန်မြေမှာ ကျင်လည်နေတာ တစ်နှစ်လောက်ရှိနေပါပြီ။

ပင်လယ်ရနံ့သင်းတဲ့ မြန်မာပြည်တောင်ဘက်အစွန်း မွေးရပ်မြေဖြစ်တဲ့ ကမ်းရိုးတန်းဒေသမှာ ကိုယ်ပိုင်လုပ်ငန်းနဲ့ အခြေကျနေပြီ ဖြစ်ပေမယ့် နိုင်ငံရေးပဋိပက္ခအခြေအနေက သူ့ကို နေရပ်စွန့်ခွာသူတစ်ယောက်အဖြစ် တွန်းပို့လိုက်တာပါ။

“ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ ကိုယ့်စီးပွားနဲ့ နေရတဲ့ ဘဝကနေ အခုဆိုရင် ရိုင်းရိုင်းပြောရမယ်ဆိုရင် လမ်းမှာ ခွက်ဆွဲပြီး မတောင်းစားရုံတမည်ပဲ ကျန်တော့တယ်” လို့ ကိုခိုင်စိုး(အမည်လွှဲ) က ဆိုပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။

စစ်အာဏာသိမ်းလိုက်ကတည်းက မြန်မာနိုင်ငံသားတွေ အနာဂတ်ပျောက်ပြီး အမှောင်လွှမ်းခဲ့ကြရတာပါ။

အထူးသဖြင့် အညွန့်တလူလူနဲ့ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ လူငယ်တွေ ပိုပြီးထိခိုက်နစ်နာကြရပါတယ်။

တရားမဲ့ စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြရာမှာ လူငယ်အများစု ပါဝင်ခဲ့ကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေးကို လူငယ်တွေဦးဆောင်နေကြသလို အကြမ်းမဖက် လူထုလှုပ်ရှားမှု လုပ်ဆောင်ပြီး စစ်အာဏာရှင်ကျဆုံးဖို့ လုပ်ဆောင်နေတာမှာလည်း လူငယ်တွေပါပဲ။

ဒါကြောင့်လည်း စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ဆောင်လာနေသလို စစ်မှုမထမ်းမနေရ သတ်မှတ်ပြီး စစ်တပ်ထဲဆွဲသွင်းတဲ့အထိပါ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မိသားစုကို ဦးဆောင်ရှာကျွေးနေရတဲ့ လူငယ်အများအပြားကလည်း စစ်ကောင်စီရဲ့ တရားမဲ့လုပ်ရပ်တွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ လုပ်ငန်းခွင်အတွင်း တရားမဲ့ဖိနှိပ်မှုတွေကို ကြုံတွေ့နေကြရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်မှာ အမြဲတမ်းနေထိုင်သူ ၅၁ သန်းကျော်ရှိပြီး အသက် ၆၅ နှစ်အထက်ရှိသူ ၆ ရာခိုင်နှုန်းကျော်ကျော်ပဲရှိတာကြောင့် မြန်မာနိုင်ငံမှာ လူငယ်၊ လူရွယ်တွေ ပိုမိုများပြားတာတွေ့ရပါတယ်။

သူတို့ထဲက ၇၀ ရာခိုင်နှုန်းကျော်က ကျေးလက်ဒေသတွေမှာ နေထိုင်ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအများဆုံးဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေ ပိုများတာ ဒီစာရင်းအရတွေ့ရပါတယ်။

နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာရသူတွေကလည်း ကျေးလက်ဒေသနေသူတွေ အများစုဖြစ်ပါတယ်။

အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။

အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာ မူဝါဒလေ့လာရေး သုတေသန အင်စတီကျုအဖွဲ့ရဲ့ ၂၀၂၃ မတ်လက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုံံခြုံရေးအခြေနေတွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလုပ်အကိုင်အခွင့်လမ်းအတွက် နေရပ်စွန့်ခွာသူ ၄၅ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွန်သူကတော့ ၂၇ ရာခိုင်နှုန်းရှိပြီး ဒုတိအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာတဲ့ တောင်ပိုင်းလူငယ်တွေ

ဇာတိရွာဖြစ်တဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာမှာ ကိုခိုင်စိုးဟာ ရေလုပ်ငန်းနဲ့အတူ ဖုန်းပြုပြင်ဆိုင်၊ ဆိုင်ကယ်ပြုပြင်ဆိုင်တို့ကို ဦးစီးလုပ်ကိုင်နေတာပါ။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စစ်ကောင်စီတပ်က သူတို့ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကိုခိုင်စိုးတို့ မိသားစုနေအိမ်နဲ့ သူဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေလည်း မီးရှို့ခံရတဲ့အထဲ ပါဝင်သွားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ကိုခိုင်စိုးဟာ အသက် ၆၀ ကျော်မိဘနှစ်ပါးကိုခေါ်ပြီး မွေးရပ်မြေကို ကျောခိုင်းထွက်ခွာလာခဲ့တာပါ။

အာဏာသိမ်းမှုနောက်ဆက်တွဲ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက် ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးကုန်တာကြောင့် တနင်္သာရီတိုင်းက လူငယ်အများစုဟာ နေရပ်စွန့်ခွာဖို့ ဖြစ်လာကြပါတယ်။

တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ မြို့နယ်ရှိတဲ့အထဲက အားလုံးနီးပါးမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတာပါ။

လက်နက်ကိုင်တိုက်ပွဲတွေအပြင် စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာနေကြသူတွေလည်း ရှိပါတယ်။

အချို့လူငယ်၊ လူရွယ်တွေကတော့ မွေးရပ်ဒေသမှာ ရပ်တည်အသက်မွေးဖို့ ခက်ခဲလာတာကြောင့် နေရပ်စွန့်ခွာနေကြတာတွေလည်းရှိပါတယ်။

လူငယ်အများစုဟာ အိမ်နီးချင်းထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကို တရားမဝင်ထွက်ခွာနေကြသလို တောင်ကိုးရီးယား၊ ဂျပန် အစရှိတဲ့နိုင်ငံတွေကိုလည်း ထွက်ခွာနေကြပါတယ်။ လူငယ်အနည်းစုကတော့ ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

“အရင်ကဆို ကျွန်မက မွေးနေ့ကိတ်မုန့်တွေ၊ အလှပန်းစည်းတွေ လိုက်ပို့တယ်။ အခုက ရွာမှာ လူတွေလည်း မရှိကြဘူးဆိုတော့ အဲဒီအလုပ်က အဆင်မပြေတော့ဘူး” လို့ ရေဖြူမြို့နယ်က အသက် ၂၇ နှစ်အရွယ် မကေသီက ဆိုပါတယ်။

သူမဟာ ရေဖြူမြို့နယ်ကနေ ထားဝယ်မြို့ပေါ်ကို ပြောင်းရွှေ့လာပြီး နယ်စပ်ကနေတင်သွင်းတဲ့ စားသောက်ကုန်တွေကို ထားဝယ်ခရိုင်ထဲက ရွာတွေကို ကားနဲ့ အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နယ်စပ်လမ်းကြောင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အချိန်မီပစ္စည်းတွေ မရောက်နိုင်တာ၊ မြန်မာငွေကြေးတန်ဖိုး မတည်ငြိမ်တာတွေကြောင့် မကြာခဏ အရှုံးပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။

ရွာတွေကို စားသောက်ကုန်လိုက်ပို့ရင်း လမ်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပေးကမ်းရတာတွေလည်း ရှိပါသေးတယ်။

အနာဂတ်မဲ့ လူငယ်တွေ

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ စစ်ဆေးရေးဂိတ်မှာ မကေသီတို့ စားသောက်ကုန်ပို့တဲ့ကား စစ်ဆေးခံရပြီး ၂၄ နာရီအကြာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အိမ်တိုင်ရာရောက် စားသောက်ကုန်ပို့တဲ့လုပ်ငန်းကို ဆက်မလုပ်ရဲတော့ဘဲ ရပ်နားထားခဲ့ပါတယ်။

“အခုအလုပ်မရှိ အိပ်လိုက်၊ စားလိုက်လုပ်နေတာ လေးငါးလ ရှိနေပြီ” လို့ မကေသီက ဆိုပါတယ်။

အလုပ်လက်မဲ့ဖြစ်နေတာ မကေသီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဓာတ်ပုံဆရာဖြစ်ချင်နေတဲ့ ကိုမင်းဇင်တစ်ယောက်လည်း ချွေးနှဲစာနဲ့ သူဝယ်စုထားတဲ့ ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေကို အသုံးချလို့ မရဘဲဖြစ်နေပါတယ်။

သရက်ချောင်းမြို့နယ်သားဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုမင်းဇင်ဟာ ဓာတ်ပုံဆိုင်ဖွင့်ဖို့ ရည်ရွယ်ပြီး ထားဝယ်မြို့ပေါ်ကို ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သင်တန်းတက်ပြီးလို့ ဓာတ်ပုံဆိုင်ဖွင့်မယ် ကြံချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပါတယ်။

“ဆိုင်ဖွင့်ဖို့လုပ်နေတဲ့အချိန်မှာပဲ စစ်မှုထမ်းဥပဒေဆိုပြီးဖြစ်လာတာ။ အဲဒီအချိန် လူတွေက ထွက်ပြေးနေကြတာဆိုတော့ ကျွန်တော်လည်း မြို့မှာ မနေရဲတော့လို့ ရွာပြန်ပြေးလာလိုက်တယ်။ ကင်မရာတွေကိုတော့ ထားဝယ်ကအခန်းမှာပဲ ပိတ်ထားခဲ့တာ အခုထိပဲ။ အလုပ်လည်း မလုပ်ဖြစ်တော့ဘူး” လို့ ကိုမင်းဇင်က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်မှတ်တမ်းတွေအရ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ ဦးရေ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှာ ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ အဲဒီနှုန်းဟာ နှစ်ပေါင်း ၃၀ ကျော်ထဲ အမြင့်ဆုံးအလုပ်လက်မဲ့နှုန်းဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ အလုပ်လက်မဲ့နှုန်း အနည်းငယ်ကျဆင်းလာပါတယ်။ ၂၀၂၂ မှာ ၃ ရာခိုင်နှုန်းကို ကျဆင်းလာပြီး ၂၀၂၃ မှာတော့ ၂ ဒသမ ၉ ရာခိုင်နှုန်းကို ကျဆင်းလာခဲ့ပေမယ့် နှစ်ပေါင်း ၃၀ ကျော်ထဲ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးစံချိန်မှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ အခွင့်ရေးနည်းပါးနေသလို နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။

အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်နေချိန် အခြားတစ်ဖက်က လုပ်ငန်းခွင်ရောက် လူငယ်တွေမှာလည်း ဝင်ငွေနဲ့ ထွက်ငွေ မကာမိဘဲဖြစ်နေကြပါတယ်။

ကုန်ဈေးနှုန်းမြင့် ဝင်ငွေနိမ့်

နေအိမ်မီးရှို့ခံရလို့ ရန်ကုန်ပြောင်းသွားတဲ့ ကိုခိုင်စိုးကတော့ တစ်လ ကျပ်ငါးသိန်းလောက်ရတဲ့ အလုပ်တစ်ခုကို ခဲရာခဲဆစ် ရထားပါတယ်။

နယ်ကနေ ရန်ကုန်ပြောင်းလာတဲ့သူတစ်ယောက်အဖို့ တစ်လ ၅ သိန်းကျပ်နဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။ အိမ်ခန်းငှားခကပဲ တစ်လ ကျပ်နှစ်သိန်းခွဲလောက် ပေးနေရတာပါ။

“ငါးသိန်းဆိုတာ အမြင်မှာသာများတယ်ထင်နေတာ။ အခုခေတ်ဈေးတွေနဲ့စာလိုက်ရင် ဘာမှသုံးလို့မရဘူး” လို့ ကိုခိုင်စိုးက ညည်းတွားပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းလာတာ၊ တစ်နေ့တခြား မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ခါးစည်းခံနေရပေမယ့် လုပ်ခလစာကျတော့ တိုးမလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီဒဏ်ကို အများဆုံးခံရသူတွေကတော့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အခြေခံလူတန်စားတွေပါ။

ထားဝယ်မြို့က ပုဂ္ဂလိကဘဏ်တစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ မမေသူလည်း ရတဲ့လစာနဲ့ မလောက်လို့ ညည်းတွားနေပါတယ်။

အာဏာမသိမ်မီကတည်းက ထားဝယ်မြို့က ပုဂ္ဂလိကဘဏ်တစ်ခုမှာ အငယ်တန်းစားရေးရာထူးနဲ့ အလုပ်ဝင်ခဲ့တဲ့ သူရဲ့လစာက ကျပ်သုံးသိန်းထက် မပိုခဲ့ပါဘူး။ သူ့လစာနဲ့ မိသားစုကို ထောက်ပံ့ဖို့ မဆိုထားနဲ့ သူ့အတွက်တောင် လုံလောက်မှု မရှိဘူးလို့ မမေသူက ဆိုပါတယ်။

ရွာကနေ ဆယ်မိုင်ကျော်ဝေးတဲ့ မြို့ပေါ်က အလုပ်ရှိရာဆီလာဖို့ အာဏာမသိမ်းခင်က ဆိုင်ကယ်ဆီးဖို တစ်လကျပ်သုံးသောင်းလောက်သာ ကုန်ကျပေမယ့် အခုချိန်မှာတော့ ကျပ်တစ်သိန်းလောက် ကုန်ကျမှုရှိလာခဲ့ပါတယ်။

ဆိုင်ကယ်ဆီးဖိုးတစ်ခုတည်းတောင် သူရတဲ့တစ်လဝင်ငွေရဲ့ သုံးပုံတစ်ပုံ ကုန်သွားပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပေမယ့် သူတို့ရဲ့လစာကတော့ ဒုံရင်းဟာ ဒုံရင်းပါပဲ။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၂၄ ဧပြီလ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၁၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲ ဒုတိယ ငွေကြေးဖောင်းပွမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကတော့ ၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေအနက် အနှေးဆုံးအခြေအနေမှာရှိနေပါတယ်။

စီးပွားရေးကျဆင်းလာတာ၊ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ လျှပ်စစ်ဓာတ်အားတွေ ဆိုးဆိုးရွားရွား ပြတ်တောက်နေတာ စတဲ့အချက်တွေက လုပ်ငန်းခွင်ရောက် လူငယ်တွေအတွက် စိန်ခေါ်မှု ဖြစ်လာစေခဲ့ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုနဲ့အတူ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး ကွန်ရက်တွေပါ ထိခိုက်လာတာကြောင့် အခုဆိုရင် ပိုပြီး စိန်ခေါ်မှုကြီးမာလာနေပါတယ်။

လုပ်ငန်းခွင် မလုံခြုံမှုနဲ့ မပျော်ရွှင်မှု

လူငယ်တွေ ရင်ဆိုင်နေရတဲ့အထဲ လုပ်ငန်းခွင် မလုံခြုံမှုလည်း ပါဝင်ပါတယ်။ Dawei Watch က အင်တာဗျူး မေးမြန်းခဲ့တဲ့ လူငယ် ၅ ဦးစလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ငန်းခွင် မလုံခြုံမှုကို ခံစားနေရတယ်လို့ဆိုပါတယ်။

လုပ်ငန်းခွင်မလုံခြုံမှု အကြောင်းအရင်းများစွာရှိပေမယ့် အဓိကကတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အချက်က အဆိုးရွာဆုံးဖြစ်တယ်လို့ ဆိုပါကြတယ်။

“တိုင်ဖို့နေရာလည်းမရှိဘူးဆိုတော့ ထိကပါး ရိကပါးလုပ်လာရင်လည်း ဒီလိုပဲ ရေလိုက်ငါးလိုက်နေနေရတာပဲ။ အလုပ်ထွက်ဖို့ကကျတော့လည်း ဒီအချိန် နောက်အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်ဘူးလေ” လို့ အသက် ၂၄ နှစ်အရွယ် မမေသူကဆိုပါတယ်။

အလားတူ အိမ်တိုင်ရာရောက် စားသောက်ကုန်ပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးတဲ့ မကေသီလည်း အလုပ်ကိစ္စနဲ့ သွားတဲ့အချိန် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေရှိတယ်လို့ ဖွင့်ဟပါတယ်။

၂၀၂၂ ခုနှစ်က ရေဖြူမြို့နယ်ထဲ ပစ္စည်းပို့ရာကအပြန် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်မှာ သူကိုယ်တိုင်ကြုံရသည့် အတွေ့အကြုံတစ်ခုကို မကေသီက အခုလိုပြောပြပါတယ်။

“ဖင်လှန်ပြဆိုပြီးပြောတော့ လူက ကြောင်သွားတာပေါ့။ ပြီးမှ ဆိုင်ကယ်ဖင်ထိုင်ခုံကို ပြောတာဆိုပြီး လက်ညှိုးထိုးပြတာ။ ပြီးတော့ သူတို့အချင်းချင်းပြောပြောပြီး ရယ်နေကြတယ်။ မိန်းကလေးတွေကိုဆို အဲဒီလိုမျိုး တမင်ကိုပြောတာ” လို့ မကေသီက ဆိုပါတယ်။

ဒီလို လုပ်ငန်းခွင် မလုံခြုံမှုတွေကြောင့် လူငယ်အချို့ဟာ အလုပ်မှာ မပျော်မရွှင်ဖြစ်နေကြပါတယ်။ ဒါပေမဲ့ အလုပ် ရွေးချယ်ဖို့ အခွင့်အရေးနည်းပါးတာကြောင့် အဲဒီအလုပ်မှာပဲ ဆက်လုပ်နေကြရတယ်လို့ ဆိုပါတယ်။

လူငယ်တွေ လုပ်ငန်းခွင်မှာ မပျော်ရွှင်ရတဲ့ နောက်ထပ်အကြောင်းအရင်း တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ ဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်တွေကို လုပ်ခွင့်မရကြလို့ပါပဲ။

ကိုခိုင်စိုးဟာ မူလက သူဝါသနာပါတဲ့ ဖုန်း၊ ဆိုင်ကယ်ပြုပြင်တဲ့အလုပ်ကနေ အခုဆိုရင် ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေရပါတယ်။

ဒီလိုပဲ မကေသီဟာလည်း အိုးမကွာ၊ အိမ်မကွာ မိဘရိပ်အောက်မှာ အလုပ်လုပ်ရတဲ့ မွေးနေ့ကိတ်မုန့်၊ အလှပန်းစည်းပို့တဲ့ အလုပ်ကနေ သူမလုပ်ချင်တဲ့ နယ်တကာလှည့် စားသောက်ကုန်ပို့တဲ့အလုပ်ကို လုပ်ကိုင်နေရပါတယ်။

ကိုမင်းဇင်လည်း သူဝါသနာပါတဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခွင့်မရဘဲ ရည်မှန်းချက်ပျောက်ဆုံးနေပါတယ်။

ဇွန်လ ၁၁ ရက် ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာတော့ ၂၀၂၅ ခုနှစ်အထိ မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေမှာ ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းတွေ ဆက်လက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြေပြင်အခြေအနေမှာလည်း လူငယ်တွေအတွက် အနာဂတ်ပျောက်ဆုံးနေသလို အလုပ်အကိုင်အခွင့်အလမ်း ဆိုတာကလည်း ရှိတဲ့အလုပ် မပြုတ်သွားဖို့ ဆုတောင်း နေကြရတဲ့ အခြေအနေပါ။

အမှောင်ခတ်ထဲမှာရောက်နေတဲ့ မြန်မာလူငယ်တွေ ရေရှည်ရပ်တည်ဖို့မလွယ်ဘူးလို့ ကိုခိုင်စိုးက အခုလိုပြောဆိုလိုက်ပါတယ်။

“မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့ လူငယ်တွေ ပြည်တွင်းမှာဆက်နေဖို့က အရမ်းကိုခက်ခဲတယ်။ လူငယ်တွေရဲ့ တက်လမ်းမှန်သမျှကို ဒီမှာက အကုန်ရိုက်ချိုးခံနေရတာ”