BREAKING
January 17, 2025

ထားဝယ်တွင် စစ်ရေးတင်းမာနေပြီး တစ်ပတ်အတွင်း ရဲစခန်းနှစ်ခုတိုက်ခိုက်ခံရကာ ရဲနှစ်ဦးသေဆုံး

June 29, 2023

ထားဝယ်ခရိုင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး ဇွန်လ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ရဲစခန်းနှစ်ခုတိုက်ခိုက်ခံရကာ ရဲနှစ်ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး စခန်းအနီးရှိ လမ်းပိုင်း တစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကားကို စောင့်ကြိုတိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အောင်သူထွန်းအပါဝင် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့သေဆုံးခဲ့ရပြီး အခြားအဆင့်ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့သည်။

ယင်းတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဇွန်လ ၂၇ ရက်နေ့ နေ့လယ်နှင့် ညနေပိုင်းတွင် လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းနှင့် ရေဖြူမြို့မ ရဲစခန်းတို့ တိုက်ခိုက်ခံရသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးခုပူးပေါင်းပြီး ဗထူးစစ်ကြောင်း စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့သုံးဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တိုက်ခိုက်မှုများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေနေ အသေးစိတ်ကို မသိရသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခရီးသွားပြည်သူများကို စစ်ကောင်စီစခန်းချထားသည့် နေရာများ၊ရဲစခန်း၊တပ်ရင်း ၊စစ်ကောင်စီကားဆိုင်ကယ်တို့နှင့်နီးကပ်စွာသွားလာခြင်းမပြုရန် အပြင် တိုက်ပွဲအချိန်းမရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် ရေတံခွန်များသို့လည်း သွားရောက်လည်ပတ်ခြင်းမပြုရန် ထုတ်ပြန်တိုက်တွန်းထားသည်။

မေလ ၃၁ ရက်နေ့ ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ရာတိုက်ခိုက်ခံရပြီးနောက်ပိုင်း လောင်းလုံး မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည်ကိုတွေ့ရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် တစ်လအတွင်း နှစ်ဖက်အပြန်လှန်ထိတွေ့ ပစ်ခတ်မှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးနှင့် PDF ဘက်မှတစ်ဦးသေဆုံးခဲ့သည်။