မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ကျုံအိတ်တံတားကို ယနေ့ (ဇွန် ၂၉) နံနက်ပိုင်းက လာရောက်စစ်ဆေးကြည့်ရူ့သည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးပြီး သထုံမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ထွေအုပ်ဝန်ထမ်း ၂ ဦး၊ မီးသတ်ဝန်ထမ်း ၃ ဦး၊ ရွှေသံလွင်ဝန်ထမ်း ၂ ဦး ဒဏ်ရာရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“သထုံခရိုင်လမ်းဦးစီးမှူးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အခြားသူတွေကတော့ ဒဏ်ရာရတယ်။ အကုန်လုံးကို ဆေးရုံပို့ဆောင်ထားတယ်” ဟု လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့မြို့နယ်ကြား ဆက်သွယ်ထားသည့် ကျုံအိတ်ချောင်းတံတားမှာ ယနေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲခံခဲ့ရသည်။
တံတားဖောက်ခွဲခံခဲ့ရမှုကြောင့် တံတားတစ်ခြမ်းပြိုကျပျက်စီးသွားပြီး တံတားပေါ်ဖြတ်သန်းနေသည့် ယာဉ်နှစ်စီးလည်း တံတားနှင့်အတူ ပါသွားပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို မိုင်းခွဲခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၁) တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကားလမ်းပိုင်း၊ ရထားလမ်းပိုင်းများ မိုင်းဖောက်ခွဲခံရသည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။