ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဖုန်းဆက်ပြီး လက်ဝတ်ရတနာအတုများကို လိမ်လည်ရောင်းချမှုများ ဆက်တိုက်ရှိလာနေကြောင်း မြိတ်မြို့ခံအချို့ထံမှ သိရသည်။
“အသိတစ်ယောက်လည်း ဒီလိုပဲ မဲပေါက်တယ်။ ဈေးပေါပေါနဲ့ရတာ၊ မှာပြီးတော့ ရွှေဆိုင်မှာ သွားရောင်းတော့ ရွှေမဟုတ်ဘဲ ကြေးဖြစ်နေတာ” ဟု အသက် ၄၀ နှစ်ရှိ မြိတ်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဖုန်းဆက်ကာ လိမ်လည်ရောင်းချမှုများသည် ပြီးခဲ့သည့် တစ်လကျော်ခန့်မှစပြီး လက်ရှိအချိန်အထိ ခပ်စိပ်စိပ် ရှိလာနေကြောင်း မြို့ခံအချို့က ဆိုသည်။
“ဒီမနက်(ဇွန်လ ၂၉ ရက်) ပဲ ဖုန်းဆက်လာတယ်၊ ကိုင်နေတဲ့ ဖုန်းနံပါတ်က မဲပေါက်တာပေါ့၊ မဲက ဆွဲကြိုးတစ်ကုံးပေါက်လို့ လကုန်ပြီး ၅ ရက်နေ့ကျရင် ပို့ပေးမယ်တဲ့ ပစ္စည်းရောက်မှ ငွေချေပေါ့ ပို့ခရောအပြီး ငါးသောင်းကျမယ် ပြောတယ်” ဟု မြိတ်တောင်ရပ်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မဲပေါက်သည့် ဆွဲကြိုးသည် တန်ဖိုးအားဖြင့် သုံးသိန်းကျော်ခန့်ရှိပြီး မဲပေါက်သဖြင့် ငါးသောင်းကျပ်ဖြင့် ရရှိခြင်းဖြစ်ကြောင်းကို ပြောဆိုလာခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။
“ယူမလား ပို့ပေးမယ်ပြောတော့ အင်းပဲပြန်ဖြေလိုက်တာ လိပ်စာလည်းမတောင်းဘူး။ ပြန်ဖြေတာ သဘောမတွေ့လို့ ဖုန်းချလိုက်တာထင်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် တစ်လဝန်းကျင်ခန့်က နိုင်ငံခြားကုမ္ပဏီတစ်ခုမှ နှစ်နှစ်ပြည့်အထိမ်းအမှတ်ဖြင့် မဲဖေါက်ရာ ဆွဲကြိုးနဲ့ ဆွဲသီး တစ်စုံပေါက်ကြောင်းကို ဖုန်းဆက်အကြောင်းကြားလာကြောင်း ကာယကံရှင် အမျိုးသားက ပြောပြသည်။
“မဲပေါက်တာလည်း လွှဲပေးမယ်၊ အခြားလက်ဝတ်ပစ္စည်းတွေကိုလည်း လျော့ဈေးနဲ့ ရောင်းပေးမယ် ယူမလားလို့ မေးတာ၊ လိမ်နေမှန်းသိလို့ မယူဘူးလို့ပြောမှ ဖုန်းချသွားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖုန်းဆက်လာသူ အများစုသည် လူငယ်ပိုင်း အမျိုးသမီးများဖြစ်ကြပြီး ဗမာစကားဖြင့် ဖုန်းဆက်လာလေ့ရှိကြောင်း ကာယကံရှင်တို့က ပြောပြသည်။
“ရွှေလို့လည်းမပြောဘူး၊ ဘယ်လောက်တန်တယ်၊ မဲပေါက်လို့ လျှော့ဈေးဘယ်လောက်နဲ့ ရတာလို့ ပြောတာ၊ ဈေးကလည်း တအားကွာနေတော့ ယူလိုက်သူတွေလည်းရှိတယ်လို့ ကြားမိတယ်၊ နောက်မှ အတုမှန်းသိရပြီး အပြင်မှာဆိုရင် ထောင်ဂဏန်းလောက်ပဲ တန်တာမျိုးပေါ့” ဟု ဇွန်လ ၂၉ ရက်နေ့က ဖုန်းဆက်ခံရသည့် အမျိုးသားက ဆက်လက်ပြောဆိုသည်။
အဆိုပါ အမျိုးသားအား တယ်လီနောဆင်းကတ်နံပါတ်ဖြင့် ဖုန်းဆက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်က နိုင်ငံတော်သမ္မတမှ ဆင်းရဲ့ချို့သူများအား မဲဖေါက်ရွေးချယ်ရာ ကျပ်သိန်းနှစ်ရာ၊ သုံးရာ၊ ငါးရာစသဖြင့် မဲပေါက်သည်ဟုဆိုကာ ဖုန်းဖြင့်အကြောင်းကြားလာကြောင်း၊ ယင်းနောက် မဲပေါက်ငွေများ ထုတ်ယူရန် အခွန်ငွေ သိန်းဆယ်ဂဏန်းအထိ ကြိုတင်လွှဲပေးခိုင်းခြင်းဖြင့် လိမ်လည်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။
“လိမ်တဲ့သူတွေက နည်းအမျိုးမျိုးနဲ့ တစ်နည်းမရ တစ်နည်းလိမ်နေကြမှာပဲ၊ ဒီလိုမျိုးတွေ ဖုန်းဆက်လာရင် အနီးအနားမှာရှိတဲ့ နားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုလိမ့်မယ်ထင်တယ်၊ အလိမ်မခံထိအောင်ပေါ့” ဟု ဖုန်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။